women to women
လိင်စိတ်ကွဲပြားသူ တက်တူးဖန်တီးရှင်ရဲ့မိခင်တစ်ဦးအနေနဲ့ ဘာစိန်ခေါ်မှုတွေရှိခဲ့လဲ?

ခန္ဓာကိုယ်ပေါ်မှာ စီခြယ်ဖန်တီးတဲ့ တက်တူးထိုးတဲ့အနုပညာကို အခုလိုပွင့်လင်းမြင်သာတဲ့ ခေတ်မှာ လက်ခံလာသူတွေများစွာရှိနေပါပြီ။ ဒါပေမယ့် တက်တူးထိုးတဲ့အနုပညာအပေါ် အမြင်မတူသူတွေဟာလည်း ယနေ့ခေတ်အသိုင်းအဝိုင်းမှာ ရှိနေပါသေးတယ်။ ဒီလိုအယူဝါဒတွေ၊ social norms တွေကြားထဲမှာမှ ဒီတစ်လရဲ့ women to women အစီအစဉ်မှာတော့ လိင်စိတ်ကွဲပြားသူ tattoo artist တစ်ဦးရဲ့ မိခင်ဖြစ်သူကို အမျိုးသမီး မိခင်တစ်ဦးရဲ့ ရှုထောင့်ကနေ သားသမီးဝါသနာပါရာ အလုပ်အကိုင်ကိုအောင်မြင်အောင် ထောက်ပံ့ပေးမှု၊ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံးအနေနဲ့ ကိုယ့်သားသမီးက tom boy လည်းဖြစ်တယ်။ နောက်ပြီး တက်တူးartist တယောက်ရဲ့မိခင် အနေနဲ့ တက်တူးထိုးတယ်ဆိုတဲ့အပေါ် ပတ်ဝန်းကျင်ရဲ့ အသံတွေကို ဘယ်လိုကြုံခဲ့ရလဲ?
ဖြေ။ ။ အမနာမည်က ဇာခြည်စိုးလင်းပါ။ tattoo by bunny လို့ခေါ်တဲ့ tattoo artist ရဲ့ အမေပါ။ အမက တက်တူးပညာရှင်ရဲ့အမေ မဖြစ်ခင်မှာ တက်တူးပညာရှင်ရဲ့ မိန်းမ အရင်ဖြစ်ခဲ့တာ။ အမက အိမ်ထောင်ကျတာ ၁၈ နှစ်၊ ကလေးမွေးတာက ၂၁ နှစ်ပေါ့။ အိမ်ထောင်ကျကာစက မန္တလေးမှာ အမကနေတယ်။ မန္တလေးမှာနေတည်းက စုတ်ထိုးတဲ့ တက်တူးပေါ့လေ။ အဲ့မှာ တက်တူးစထိုးပေးတယ်။ အဲ့တည်းက အမက တက်တူးက ကောင်းလား၊ဆိုးလားဆိုတာတောင် မသိဘူး။ ယောကျာ်းကလည်း လက်စမ်းတာပေါ့။ အဲ့တုန်းက မိန်းကလေးတက်တူးထိုးတာ မရှိသလောက်နီးနီးပါပဲ။ ရှားတယ်။ နောက်ပိုင်းကျ တစ်ပုံစ၊နှစ်ပုံစနဲ့ များလာတာပေါ့။ မိဘတွေကပြောတာပေါ့။ အမတို့ဘက်မှာကျ တက်တူးထိုးတာမရှိတော့လေ။ အမက ငယ်ငယ်တည်းက ပန်းချီကြိုက်တော့ ထိုးတယ်။ လူတွေကတော့ အထင်သေးတဲ့ အကြည့်ပေါ့။ တချို့ကဆို ပါးစပ်နဲ့ပါ ဟယ် နင်အဲလိုတွေလုပ်တာ အသက်ကြီးလာရင် သူများအထင်သေးမယ် ပေါ့။ လမ်းသွားရင်လည်းစတယ်။ အမျိုးသားနဲ့ဆို အဲ့လိုတွေစတဲ့သူတွေနဲ့ ပြသနာတွေခဏခဏ ဖြစ်တယ်။ နောက်ပိုင်းကျတော့ ခေတ်တွေမီလာတော့ တက်တူးတွေထိုးလာကြတော့ ကိုယ်လည်း ပတ်ဝန်းကျင်အမြင်ကို တော်တော် ခံနိုင်ရည်ရှိနေပြီ။ စစချင်းက အမ စိတ်ထဲမှာ ဘာမှ မရှိဘူး။ ဒီတိုင်းထိုးလိုက်တာပဲ။ နောက်ကျမှ အော်လူတွေက တက်တူးထိုးတာကို ဒီလောက်စိတ်ထဲရှိကြတာပါလားပေါ့။ အမကတော့ ကိုယ့်အသားပေါ်မှာ ကိုယ်ကြိုက်တဲ့ ပန်းချီ၊ကာတွန်းတွေဆွဲတယ်။ အမက မကြိုက်ဘူးဆိုတာမရှိဘူး။ ကြိုက်လို့ထိုးတာပေါ့။ အဖွားကြီးဖြစ်လည်း တက်တူးနဲ့ဆိုတော့ ဂေါ်တာပေါ့လို့ နောက်ပိုင်းကျတော့ပြန်ပြောလိုက်တယ်။

မေး။ ။ အခု အမသားလေးက tomboy လေးဖြစ်တော့ သူရဲ့ ပြောင်းလဲမှုကို ဘယ်အချိန်မှာစသိတာလဲ? သတိပြုမိတာလဲ?
ဖြေ။ ။ငယ်ငယ်တည်းကပဲ။ သူကသားဦးဆိုတော့ အမတို့က ယောကျာ်းလေးလိုချင်တယ်။ အမကလည်းငယ်ငယ်က ယောက်ျားဆန်ဆန်နေတော့ သူ့ကို မိန်းမလို မဆင်ဖူးဘူး။ အရောင်ကအစ မိန်းကလေး အရောင်မဆင်ဖူးဘူး။ သူ့အသက် ၂ နှစ်လောက်တည်းကပေါ့။
မေး။ ။ သူက tomboy ဖြစ်တော့ ပါတ်ဝန်းကျင် က ဝေဖန်ခံရတာရှိလား?
ဖြေ။ ။ ရှိတာပေါ့။ အမျိုးတွေထဲကစပြီးရှိတာ။ အဲ့မှာ အမျိုးတွေထဲက ငယ်ငယ်တည်းက ကလေးကိုဘာလို့ အဲ့လိုဆင်တာလဲ? ယောကျာ်းလုံးဖြစ်သွားမယ်ဆိုပြီး အမျိုးတွေထဲကနေပဲ ဂါဝန်တွေ ဝယ်ပေးတာရှိတယ်။ အမကတော့ သူတို့ကျေနပ်အောင် ဓာတ်ပုံရိုက်ပြီးပို့ပေးလိုက်တယ်။ သူတို့ကိုလည်း ငြင်းခုန်ပြန်မပြောဘူး။ ကိုယ့်မိသားစုနဲ့ကိုယ်ဆိုတော့ မဆိုင်ဘူးလေနော်။ အမလမ်းအတိုင်းပဲသွားတယ်။
မေး။ ။ သူကကော ဘယ်အရွယ်တည်းက တက်တူးထိုးဖို့ စိတ်ဝင်စားခဲ့တာလဲ?
ဖြေ။ ။ အသက် ၁၁ နှစ်လောက်တည်းကပေါ့။ သူကအမနဲ့တူတဲ့အပိုင်းတွေရှိတယ်။ ပန်းချီကြိုက်တယ်။ ပန်းချီဆွဲတယ်။ အမအမျိုးသားက တက်တူးအလုပ်လုပ်တော့ သူကဘေးနားကနေ ဝိုင်းကူတာမျိုးတွေလုပ်တယ်။ အစက သူဝါသနာပါတာမသိဘူး။ သူက ကျောင်းတက်တယ်။ ပြန်လာရင် ဝိုင်းကူတယ်လောက်ပဲလုပ်တာ။ တနေ့ကျတော့ အမတို့ အပြင်သွားပြီး အမရဲ့ ဆိုင်က ဝန်ထမ်းလေးတွေက အရုပ်ထိုးထားတာအမတွေ့တယ်။ ကရင်အလံလေးသူထိုးထားတာ။ အဲ့ဒါနဲ့ ဘယ်မှာထိုးတာလဲမေးတော့ ကိုကိုထိုးပေးတာတဲ့။ ဘယ်တုန်းကလဲ ဘယ်လိုထိုးတာလဲဘာညာနဲ့ မေးတော့မှ သားက အဲ့တော့မှ သူတို့ ထိုးခိုင်းလို့ ထိုးပေးတာဆိုတော့ အမက ဆုံးမတယ်။ သူများအသားအဲ့တိုင်းမလုပ်ရဘူးပေါ့။ အရေပြားမှာထိုးတယ်ဆိုတာဖျက်မရဘူးလို့။ ခုခေတ်မှသာ လေဆာဘာညာပေါ်လာတာ။ပေါ်လာပေမယ့်လည်း အရှင်းမပျောက်ဘူးပေါ့။ အဲ့ကျမှ သူနောက်မလုပ်တော့ပါဘူးဘာညာပြောတာ။ အဲ့မှာ အမအမျိုးသားက သတိထားမိတာ သူမသင်ပေးဖူးဘဲနဲ့ထိုးတက်နေတော့ နောက်ပိုင်းကျမှ အရုပ်ထိုးရင် သူက ကြည့်ခိုင်းတယ်။ အဲ့ကနေမှ သူက စတက်တာပါ။

မေး။ ။ ဒီနေ့ခတ်မှာ တက်တူးနဲ့ပတ်သက်ပြီး social norms တွေလည်းရှိနေသေးတယ်။ ဒီလိုကြားမှာ ကိုယ့်သားသမီးရဲ့ career ကို မိခင် တစ်ယောက်အနေနဲ့ ဘယ်လိုပံ့ပိုးပေးခဲ့လဲ?
ဖြေ။ ။ အမတို့က ခေတ်မီတဲ့ မိဘတွေထဲမှာပါတယ်။ အိမ်ထောင်စကျတည်းက အမျိုးသားက တက်တူးထိုးတော့ လူပေါင်းစုံကို မြင်ရတယ်။ အဲ့တုန်းကတော့ တချို့ အရမ်းငယ်တယ် ၁၈ နှစ်မပြည့်ရင် မထိုးပေးတာများတယ်။ မိဘစိတ်ဆင်းရဲမှာစိုးတယ်။ အမကတော့ ဘယ်သူ့ကိုမှတော့ ထိုးပါမပြောဘူး။ အမသားက ခုဆို ၁၉ နှစ်ရှိပြီ။ သူ့အသိနဲ့ သူ စဥ်းစားနိုင်တော့ သူအသက် ၁၈ နှစ်မှ တက်တူးထိုးဖို့ ခွင့်ပြုလိုက်တာ။
မေး။ ။ မိခင်တစ်ယောက်အနေနဲ့ တက်တူး artist၊ tomboy ကလေးတစ်ယောက်ကို ဘယ်လိုစိတ်ထားမျိုးနဲ့ ထားခဲ့ပြီး ပြုစုပျိုးထောင်ခဲ့တာလဲ?
ဖြေ။ ။ အမကတော့ ဘေးစကားတွေကို မခံစားဘူး။ သားသမီး ခြောက်သွားလည်း သိပ်ပြီး ထူးခြားခံစားနေရမယ်မမြင်ဘူး။ ထူးခြားတဲ့လူလို့လည်း မမြင်ဘူး။ ဒါပေမယ့် မိန်းမနဲ့ပတ်သက်တဲ့ ကိစ္စလေးတွေတော့ သူ့ကိုလုပ်ပေးရတယ်။ သူကရှက်တက်တယ်။ ဒီတိုင်းမလွှတ်ထားဘဲသေချာလေ့လာတယ်။ သူတို့က ယောကျာ်းလေးဘက်ကို ကူးပြောင်းချင်တဲ့ ယောကျာ်းလေးစိတ်ဖြစ်နေပြီပေါ့။ အမက အမြဲမေးတယ်။ တကယ်သေချာပြီနော်ဆိုတာကို။ ခုဆိုသူက ရင်သား ပြောင်းလဲမှုကိုလုပ်ချင်တယ်။ ခုက သူကငယ်သေးတော့ ခဏနေပါဦးဆိုပြီး ဆုံးဖြတ်နိုင်မှုအားနည်းသေးတယ်လို့ပြောထားတယ်။ မလုပ်ရဘူးလို့ မပြောဘူး။ ကျိန်းသေလားဆိုတာကို အသက် ၂၀ ထိစောင့်ပေးလို့တော့ ပြောထားတယ်။ အမကသူ့ကိုသားလို့ပဲခေါ်တာ။ သူများတွေ သမီးလို့ခေါ်ရင်တောင် မကြိုက်ဘူး။ သူ့ပုံစံကိုကြည့်ပီး သမီးလို့ခေါ်တာကို မကြိုက်ဘူး။ သားပဲခေါ်တာ။ သားလိုပဲအားကိုးတယ်။ပျိုးထောင်တယ်။ မေတ္တာပဲပေါ့။ အမတို့မိသားစုက စည်းလုံးတယ်။ သားသမီးကလည်း မိဘကို တိုင်ပင်တယ်။မိသားစုကလည်း ၄ ယောက်ပဲရှိတော့ အကုန်တိုင်ပင်တယ်။ သားကလည်း အကုန်ပြောပြတယ်။ tomboy ပေမယ့်သားက သိပ်ဟော့ဟော့ရမ်းရမ်းထဲမပါဘူး။ စိတ်ဒုက္ခလည်း မပေးဘူး။ သူဖြစ်ချင်တာကို အမတို့က ပံ့ပိုးတယ်။
မေး။ ။ မိခင်တစ်ယောက်အနေနဲ့ ရှေးဟောင်းဆန်တဲ့ အတွေးအခေါ်တွေကြားမှာ သူများထက်ကွဲပြားတဲ့ career ကိုစိတ်ဝင်စားတဲ့သားသမီးကို ပျိုးထောင်ရတဲ့အခါ အခက်အခဲတွေဘာရှိလဲ?
ဖြေ။ ။ ကဲ့ရဲ့တဲ့သူတွေတော့ရှိတာပေါ့။ ကြည့်ပါဦးဘာညာနဲ့ပေါ့။ ပုံမှန်ထက်နည်းနည်းကွဲထွက်နေတဲ့သူတွေဆို လူပိုကြည့်တယ်လေ။ အမက အကောင်းမြင်သမား။ သားကို သူတို့ဘယ်လိုပြောပြော အမက ဒီလိုပဲထားမှာ။ တစ်ခုတော့ရှိတယ်။ မိန်းမယူဖို့ ဘာညာဆို အမေ့ကိုပြော။ အသက်ပိုင်းခြားတစ်ခုနဲ့ လက်ခံမယ်ဆိုတာ။ အဲ့လိုဆိုတော့ပြသနာတော့ သိပ်တော့မရှိခဲ့ပါဘူး။

မေး။ ။ မိခင်တစ်ယောက်ရဲ့ ပံ့ပိုးမှုက ကလေးတစ်ယောက်ရဲ့ အောင်မြင်မှုအပေါ်ဘယ်လောက်ထိ အထောက်ပံ့ပေးနိုင်တယ်လို့ထင်လဲ?
ဖြေ။ ။ အခု သူတို့ဆိုရင်သူတို့ အသိုင်းအဝိုင်းလေးရှိတယ်။ အရမ်းလည်းစည်းရုံးကြတယ်။ တခုကောင်းတာက သားကို ပံ့ပိုးကြတော့ သူတို့ သူငယ်ချင်းတွေကောင်းလို့ပဲပေါ့။ တချို့ကလေးတွေဆိုလေ လာရင်ပြောကြတယ်။ အန်တီ့လိုအမေမျိုးလိုချင်တယ်ပေါ့။ တချို့မိဘတွေက မကြိုက်ဘူး။ အရုပ်လာထိုးကြတဲ့ တချို့ ဆိုင်ကိုလာတဲ့ gay ကလေးတွေဆိုရင် ပြောကြတယ်။ သားဒီလိုမနေချင်ဘူး။ သားက တခါတလေ နှုတ်ခမ်းနီဆိုးချင်လည်းဆိုးမယ်။ ဂါဝန်ဝတ်ချင်လည်း ဝတ်မယ် ဒါကို သားအမေက အန်တီ့လို လက်ခံစေချင်တယ်ပေါ့။ လူအမျိုးမျိုးပေါ့သားရယ်လို့ တချို့ကျ သားလေး တစ်ယောက်ထဲရှိတယ်။ ဂေးနေတယ်ဆို နှမြောတာလည်းရှိမှာပေါ့လေ။ ကိုယ့်သားသမီးအခြေအနေကို မိဘက အသိဆုံးမို့ မိဘကပံ့ပိုးပေးရင် အကောင်းဆုံးလို့ ထင်တယ်။
မေး။ ။ အမလို ကြုံတွေ့ရတဲ့ အမျိုးသမီးမိခင်တွေကိုကော ဘယ်လို မိခင်အချင်းချင်း ဘယ်လို အကြံပေးချင်လဲ?
ဖြေ။ ။ အဓိက အမေဆိုတာ အမေပဲ။ အမေက သားသမီးကို အဖေတွေထက် ပိုအနားလည်ဆုံးပဲ။ ကိုယ့်သားသမီးကို မျက်စိဒေါက်ထောက်ကြည့်ရမယ်။ သူဘာဖြစ်ချင်လဲ သိနေရမယ်။ ကိုယ်ဖြစ်ချင်တာကိုပဲ အတင်းလုပ်ယူလို့မရဘူး။ သူတို့က သူတို့ ဘဝပေးကိုက ဒီလိုပါလာတာလေ။ ဒါကို အတင်းအကျပ် လုပ်လို့ မရဘူးလို့အမ ထင်တယ်။ ကိုယ်က ထိန်းကြည့် အဲ့မှာမှ ကိုယ့်သားသမီးက အဲ့ဘက်ကို သွားနေရင် သူတို့နဲ့ဘာနဲ့အပ်စပ်မလဲ ဆိုတာကြည့်သင့်တယ်။ကလေးကတော့ မိဘက ခွင့်မပြုလေ ပိုလုပ်ချင်လေပဲ။ ကိုယ်က နားလည်အောင် ကိုယ့်ဘက်ပါအောင် ကြည့်ရမှာပေါ့။ သူတို့ ဖြစ်ချင်တာအပေါ် ကြည့်သင့်တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများပြောချင်ပါသေးလဲ?
ဖြေ။ ။ အမက ငယ်ငယ်တည်းက လှတာပတာ မသိခင် အိမ်ထောင်ကျတယ်။ ငယ်ငယ်နဲ့ မိခင်ဖြစ်လာတယ်။ ခုဆိုရင် ပြသနာတွေက အရမ်းများတယ်။ အမအနေနဲ့ပြောချင်တာကတော့ ကိုယ့်သားသမီးပဲဖြစ် ဖြစ်၊ တခြားသူသားသမီးပဲ ဖြစ်ဖြစ် မိန်းမတစ်ယောက်ဆိုတာ မိခင်တစ်ယောက်ပဲ မိခင်စိတ်မွေးသင့်တယ်။ အမဆို သူ့အပေါင်းအသင်းတွေနဲ့လည်း သူငယ်ချင်းပေါင်းပေါင်းတယ်။ အမကတော့ ကလေးတွေကို အကန့်သတ်လေးနဲ့ လုပ်ပိုင်ခွင့်ပြုစေချင်တယ်။ မူးယစ်ဆေးနဲ့ အရက်သေစာကိုတော့ ခွင့်မပြုဘူး။ သူ့သဘာဝကိုက မိန်းကလေးဆိုတော့ အဲ့ဒါကိုတော့ အမခွင့်မပြုထားဘူး။ ကလေးတွေကို ထိန်းချုပ်လွန်းရင် ပိုလုပ်တယ်။ အမကတော့ သားသမီးကို ညှိနှိုင်းပြီး အမေကော၊ အဖေကောက ပိုဂရုစိုက်သင့်တယ်ထင်တယ်။





အမကတော့ ဘေးစကားတွေကို မခံစားဘူး။ သားသမီး ခြောက်သွားလည်း သိပ်ပြီး ထူးခြားခံစားနေရမယ်မမြင်ဘူး။ ထူးခြားတဲ့လူလို့လည်း မမြင်ဘူး။ အဓိက အမေဆိုတာ အမေပဲ။ အမေက သားသမီးကို အဖေတွေထက် ပိုအနားလည်ဆုံးပဲ။ ကိုယ့်သားသမီးကို မျက်စိဒေါက်ထောက်ကြည့်ရမယ်။ သူဘာဖြစ်ချင်လဲ သိနေရမယ်။ ကိုယ်ဖြစ်ချင်တာကိုပဲ အတင်းလုပ်ယူလို့မရဘူး။
