DE

women to women
မြန်မာ့ရိုးရာမုန့်ကို ကမ္ဘာကျော်စေချင်သူ မြန်မာအမျိုးသမီးတစ်ဦး

tint tint

မေး။။ ။​အမနာမည်နဲ့ အမရဲ့ အလုပ်အကိုင်ကို မိတ်ဆက်ပေးပါ။

ဖြေ။ ။​အမနာမည်က မရွှေရည်ဖြိုးဖြစ်ပါတယ်။ အမက တင့်တင့်မြန်မာမုန့်လုပ်ငန်းကို တင့်တင့်ဆိုတဲ့နာမည်နဲ့ ရိုးရာမုန့်မတိမ်ကောအောင်ရယ်၊ လူပိုသိအောင်ရယ်လုပ်နေတာ အခုဆိုရင် ဆယ်စုနှစ်နီးပါးရှိလာခဲ့ပါပြီ။

မေး။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့လုပ်ငန်းစတင်လုပ်ခဲ့တဲ့အခါမှာ ဘယ်လိုလုပ်ငန်းကို စလုပ်ဖြစ်လဲ။ အခုလုပ်နေတဲ့လုပ်ငန်းကကော ဘယ်လိုစလုပ်ဖြစ်ခဲ့လဲ?

ဖြေ။ ။ အမအနေနဲ့ တင့်တင့်မြန်မာကို ထဲထဲဝင်ဝင်စလုပ်ဖြစ်တာက ၂၀၁၃ ခုနှစ်မှာပါ။ ငယ်ငယ်တုန်းက အမအေဖက အစိုးရဝန်ထမ်း အမေကတစ်ဖက်တစ်လမ်းကနေ ဝင်ငွေရအောင် ရိုးရာမုန့်တွေရောင်းတယ်။ မြန်မာမုန့်တွေလည်းရောင်းတယ်။ ဆိုတော့ငယ်ငယ်တည်းက မြန်မာမုန့်တွေနဲ့ရင်းနှီးခဲ့တယ်။  ရန်ကုန်ရောက်လာတော့ ကုမ္ပဏီအလုပ်ဝင်တယ်။ ကုမ္ပဏီမှာ ဆယ်စုနှစ်တစ်ခုစာ အတွေ့အကြုံ တွေရလာတယ်။ sales and marketing ပေါ့။ ကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုပြီးလုပ်မယ်ဆိုတော့ ငယ်ငယ်က အမေ့ရဲ့မြန်မာမုန့်တွေနဲ့လည်း ရင်းနှီးတယ်။ ပြီးတော့ ရန်ကုန်မှာကမြန်မာမုန့်ကို စားချင်တဲ့အချိန် စားချင်တဲ့နေရာမှာ အလွယ်တကူမရနိုင်ဘူး မဝယ်နိုင်ဘူး။ စျေးထဲတွေမှာတော့ရှိတယ်ဆိုပေါ့နော်။ စားတဲ့အချိန်လည်းသန့်ရှင်းမှုတို့ အရည်အသွေးတို့မှာလည်း လိုအပ်ချက်ရှိတော့ မုန့်အရည်အသွေးကို ပြောင်းတယ်။ မြန်မာ့ရိုးရာ မြန်မာ့အချိုမုန့်တွေကိုကကျ promote လုပ်တာအားနည်းတယ်။ ဆိုတော့ အမတို့ ၂၀၁၃ မှာ မြန်မာမုန့် ၄၊၅ မျိုးလောက်နဲ့စပြီးတော့ ဆနွမင်းမကင်းတို့၊ ရွှေကြည်တို့ ကျောက်ကျောတို့ကို စရောင်းခဲ့ပါတယ်။ မြန်မာမုန့်ကို တစ်စုတစ်စည်းတည်းရအောင်ဆိုပြီး ၂၀၁၅ မှာ ရန်ကင်းgolden city ရှေ့လေးမှာဆိုင်လေး စဖွင့်ခဲ့တယ်။ ၂၀၂၀ မှာကိုဗစ်ကြောင့် ရပ်လိုက်ရတယ်။ အဲ့ဒီ ၂၀၁၅ ကစပြီးတင့်တင့်ကို လူပိုသိလာတယ်။ တင့်တင်မြန်မာမုန့်ဆိုတာက အမ အမေနာမည်ပေါ့နော်။ အမေ့ရဲ့နာမည်ကို ဦးထိပ်ထားတဲ့အနေနဲ့ယူထားတာပါ။

tint

မေး။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ လုပ်ငန်းတစ်ခုလုပ်တဲ့အခါ စိန်ခေါ်မှုတွေကြုံတွေ့ခဲ့ရတာဆိုရင် ဘာတွေရှိမလဲ?​

ဖြေ။ ။ စစချင်းကဆို အမက တစ်ယောက်ထဲ မသွားရဲမလာရဲ မပြောရဲ မဆိုရဲ ငါများပြောလိုက်ရင် မှားသွားမလား၊ ငါ့ကိုကဲ့ရဲ့ မလား ဆိုပြီး ပတ်ဝန်းကျင်က ပြောဆိုကဲ့ရဲ့ခံရမှာကို ရင်မဆိုင်ရဲခဲ့ဘူးပေါ့နော်။ နောက်ပြီး ယောကျ်ားသားတွေနဲ့ အလုပ်တွဲလုပ်တဲ့ အခါ ပေးစားခံရတာတွေကြုံရဖူးတယ်။ နောက်ပြီးအခက်အခဲအနေနဲပြောရမယ်ဆိုရင် အမတို့အမျိုးသမီးတွေအနေနဲ့ အလုပ်လုပ်တဲ့အခါ အိမ်နဲ့ ပတ်သက်ပြီး အိမ်မှုကိစ္စလစ်ဟင်းမှာကို မလိုလားကြဘူးပေါ့နော်။ အဲ့ဒါတွေ က စိန်ခေါ်မှုအနေနဲ့ ဖြစ်စေတယ်။ နောက်တစ်ခုက  ငွေကြေးအရင်းနှီးကလည်း စိန်ခေါ်မှုအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မေး။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ လုပ်ငန်းလုပ်ရာမှာ အမရဲ့ အကြီးမားဆုံးအောင်မြင်မှုကို ပြောပါဆိုရင် ဘာဖြစ်မလဲ?

ဖြေ။ ။​အမက ၂ ခုပြောချင်တယ်။ မြန်မာမုန့်ကို  food safety အညီ ထုတ်ကုန်ကို ကောင်းကောင်းနဲ့ထုတ်လို့ရဖို့ပေါ့။ မြန်မာမုန့်အားနည်းချက်က ၁ ရက်ပဲခံတယ်။ ၁ ရက်ပဲခံတဲ့မြန်မာမုန့်ကို လုပ်ရောင်းကြတဲ့လူတွေအများကြီးပဲ။ သူတို့ဆို စီးပွားမဖြစ်ကြဘူး။ စီးပွားဖြစ်လုပ်လို့ရတာရှိရဲ့သားနဲ့လေ ၁ရက်ပဲခံတော့ ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်ကြဘူး။ အဲ့တော့ မြန်မာမုန့်ကိုလည်း မတိမ်ကောချင်ဘူး။ စီးပွားလည်း ဖြစ်ချင်တယ်ပေါ့။ အဲ့ဒီဟာအတွက် ၂၀၂၂ မှာ အမရဲ့ အကြီးမားဆုံးအောင်မြင်မှုက စက်ရုံအသေးလေးဆောက်ပြီး ၆ လခံတဲ့ မြန်မာမုန့်ကိုထုတ်နိုင်တယ်။ frozen နည်းပညာနဲ့မုန့် ၅ မျိုးပေါ့။ ပြီးရင် အဝေးရောက်နေတဲ့ သူတွေအတွက် လုပ်ရလွယ်၊ သယ်ရလွယ်တဲ့ dry မုန့် ၃ မျိုးကို အမ တို့ impact hub နဲ့ပေါင်းထားတဲ့ ပရိုဂရမ်တစ်ခုကနေ grant ရတော့ အဲ့က အထောက်အပံ့နဲ့ food safety နဲ့အညီ မြန်မာမုန့်စက်ရုံလေး ထုတ်နိုင်တယ်။ နောက်တစ်ခုက မြန်မာမုန့်ကို ၆လ ခံအောင်ထုတ်နိုင်တဲ့ အနေနဲ့ resilience ဆုကို အာဆီယံကနေ တစ်ဆင့်ပြိုင်တာ ဆုရခဲ့တယ်။ မြန်မာရိုးရာမုန့်အတွက်၊ တင့်တင့်အတွက် ဂုဏ်ယူရတဲ့အတွက်အဲ့ဒါက အကြီးမားဆုံးအောင်မြင်မှုပါပဲ။

 

မေး။ ။ အမက အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ဆိုတော့ အမ အမျိုးသားကကော လုပ်ငန်းလုပ်တဲ့အခါ အမကိုဘယ်လို support ပေးခဲ့လဲ?

ဖြေ။ ။ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ကလေ ချက်ရပြုတ်ရတာ၊ကလေးထိန်းရတာ အိမ်မှုကိစ္စအဲ့ဒါတွေနဲ့ စီးပွားတစ်ခုလုပ်မယ်ဆို မဖြစ်နိုင်ပါဘူးလေ ဆိုပြီး တော်တော်များများက မလုပ်ကြဘူး။ မလုပ်ကြတော့ တချို့အမျိုးသားတွေက ကိုယ့်မိန်းမကို အိမ်မှာပဲထားချင်ကြတယ်။ စီးပွားကို မလုပ်စေချင်ကြဘူး။ အိမ်မှာပဲနေပြီး အချိန်ပေးစေချင်တယ်။ သားသမီးတွေကို အချိန်ပေးစေချင်တယ်။ ဒီဘက်ခေတ်က ပြောင်းလာတော့ အဓိကက management ပါပဲ။ အနောက်က သူတို့ရဲ့ supporting က မိန်းမထမင်းမချက်လို့ဆိုပြီး လုံးဝအပြစ်တင်တာမျိုးမရှိတာက အမအတွက်အကြီးမားဆုံး supporting ပါပဲ။ မိန်းမလက်ရာကိုမှ စားချင်ပါတယ်လို့လည်း မရှိဘူး။ လုံးဝအားတော့မှသာ ၂ ယောက်ရဲ့ အချိန်လေးကို ယူမယ်ဆိုပြီး အဲ့လိုအချိန် ကိုယ်လုပ်ပေးတော့မှသာ သူစားတယ်။ တော်တော်များများ မြန်မာအမျိုးသမီးတွေမှာ အဲ့ပြသနာရှိတယ်။ အိမ်အကူထားမယ်ဆိုရင်လည်း မထားစေချင်ကြဘူး ဆိုတာတွေရှိတယ်။ ကိုယ်တိုင်ချက်မှ ဆိုတာတွေရှိတယ်။ အဲ့ဒါတွေမဟုတ်တဲ့အပြင်ကို အမ အမျိုးသားက မီးဖိုချောင်ကိစ္စကိုပါတာဝန်ယူတာ။ အမက မိုးလင်းတာနဲ့ အဆင်သင့်စားရုံပဲ။ သူ့လုပ်ငန်းကလည်း မြန်မာအသုပ်စုံလုပ်ငန်းဆိုတော့ သူ့ကလေးတွေထဲကပဲ မီးဖိုချောင်ကို စီမံပေးတယ်။ မိုးလင်းတာနဲ့ ထမင်းအဆင့်သင့်စားရုံဆိုတော့ အလုပ်ပိုလုပ်နိုင်တယ်။ အမျိုးသမီးတွေက စျေးသွားတယ်၊ ချက်တယ်ဆို ရင် နေ့တစ်ဝက်လောက်ကုန်တယ်။ အဲ့တော့ အချိန်ကုန်သွားတယ်ပေါ့။ တစ်ခုခု မှားတယ်၊မှန်တယ်ဆိုရင်လည်း အမျိုးသားရဲ့ အကြံဥာဏ်တွေကလည်း ဘေးကနေ ပိုမြင်တယ်။ သားသမီးအတွက်ဆိုလည်း သူ့အဖိုးအဖွားက ထိန်းပေးတယ်၊ သားသမီးဝေယျာဝစ္စလည်း သိပ်မလုပ်ခဲ့ရဘူး။ သန့်ရှင်းရေး လျှော်တာဖွတ်တာဆိုရင်လည်း အမအမေက အကုန်စီမံပေးတယ်။ အဲ့ဒါတွေအတွက် အချိန်မပေးနေရတော့ မိုးလင်းတာနဲ့ အလုပ်ကိုပဲအာရုံစိုက်လို့ရတယ်ပေါ့။

 

မေး။ ။​ လုပ်ငန်းတစ်ခုလုပ်တဲ့အခါ အမရဲ့ အလုပ်အပေါ် အောင်မြင်မှုတစ်ခုရောက်အောင်တွန်းအားပေးခဲ့တဲ့ အရာတွေက ဘာတွေဖြစ်မလဲ?

ဖြေ။ ။ ကိုယ့်ကို တွန်းအားပေးတဲ့အရာဆိုရင် customer တွေကို သူတို့လိုအပ်တဲ့အရာကို ပေးချင်တဲ့ဆန္ဒက တွန်းအားဖြစ်မယ်ထင်တယ်။ အမ ခုနောက်ပိုင်းစာတွေဖတ်မှ problem solution ဆိုတောတွေဖတ်လာရတော့ ငါလုပ်ခဲ့တာတွေက ဒါတွေပါလားဆိုတာသိလာတယ်။

အရင်က မုန့်လေး ၄ မျိုးလောက်နဲ့ ဆိုရင် customer က နောက်ထပ် မုန့် တောင်းဆိုတယ်ဆိုရင် မလုပ်ပေးနိုင်ဘူးလို့ ငြင်းခဲ့ရင် အခုလိုမျိုး မုန့် အမျိုး ၄၀ တို့ ဖြစ်မလာဘူး။ သူတို့ လိုအပ်ချက်ကို အမက ပေးချင်တယ်။ အဲ့ဒါက တွန်းအားပေါ့။ မြန်မာမုန့်က လုပ်ပြီးပြီးချင်းစားတာပိုကောင်းတယ်။ အမတို့က ဆိုင်ခန်းစရိတ်၊ ဝန်ထမ်းစရိတ်ကျေဖို့ တနေကုန်ရောင်းရတယ်။ အဲ့တော့ မုန့်ရဲ့ hygiene တွေက ကွာလတီတွေက နေ့ခင်းကနေ ညနေ ဆိုကျလာတယ်။ အဲ့ကျရင် complaint တွေထပ်ရှိတော့ ဘယ်လိုလုပ်ပေးရင်ကောင်းမလဲစဉ်းစားရင်းကနေ ဒီလို ရယ်ဒီမိတ်လေးတွေထွက်လာတယ်။ အဝေးကိုသယ်ချင်တယ်၊ မုန့်ကိုသယ်မရတော့ မုန့်စပ်နည်းလုပ်နည်းတွေလဲမသိတော့ တခုချင်းစီဝယ်ဖို့လည်း အခက်ခဲရှိတော့ သူတို့ကမလုပ်ချင်ကြဘူး။ သူတို့စားချင်ကြတဲ့အခါ အဲ့လိုဟာတွေကို အမက ပေးချင်တယ်ဆိုတော့ အဲ့ဒါတွေက တွန်းအားဖြစ်လာတာပါ။

 

မေး။ ။ အမရဲ့လုပ်ငန်းတစ်လျှောက်မှာသုံးခဲ့တဲ့ strategy ရှိရင်ပြောပါဦး။

ဖြေ။ ။ အဲ့လိုဆိုရင် အမကတော့ do it now လို့ပြောရမှာပဲ။ စိတ်ကူးမနေဘဲနဲ့ အကြံဥာဏ်ရရင် ချက်ချင်းလုပ်လိုက်တာပေါ့။ အချိန်မဆွဲဘဲ ချက်ချင်းလုပ်တယ်ဆိုတာနဲ့ ပြီးမြောက်အောင်မြင်သွားတယ်ဆိုတာကိုပဲ အမြဲလုပ်ခဲ့တယ်။ လုပ်ရန်ရှိတယ်ဆိုတာကလေ ပြီးပြီဆိုတဲ့ဟာကိုပဲဖြစ်အောင် အမြဲလုပ်ခဲ့တယ်။ အဲ့ဒါကအလုပ်တွေတခုပြီးတခု ဖြစ်လာတယ်လို့ လုပ်နိုင်လာတယ်လို့ ထင်တယ်။

 

tint

မေး။ အမျိုးသမီးတစ်ယောက်အနေနဲ့ အမျိုးသမီးတွေကို ဘာတွေဝေမျှချင်တာရှိလဲ?

ဖြေ။ ။ ဝေမျှချင်တာကတေ့ အမျိုးသမီးလေးတွေက ဘယ်လောက်ပဲသန်မာတယ်ဆိုဆို အားငယ်တဲ့အချိန်ရှိကြတယ်။ ကြောက်တဲ့အချိန်တွေရှိကြတယ်။ အမကိုယ်တိုင်လည်း လူက ကြည့်ရင်သန်မာတယ်ထင်ရတယ်။ ဒါပေမယ့် အားငယ်လွယ်၊ ဝမ်းနည်းလွယ်တယ်။​နောက်ဆုတ်ကျောခိုင်းချင်တဲ့ အချိန်တွေရှိခဲ့ကြမှာပဲ။ အမျိုးသားတွေထက် ခံနိုင်ရည်က တကယ်တမ်းဆို ခံနိုင်ရည်မရှိကြဘူး။ အဲ့အတွက် သူများထက် ၂ ဆ ပိုကြိုးစားရတယ်။ စီးပွားရေးလုပ်နေတဲ့အမျိုးသမီးတွေက ပိုကြိုးစားရတယ်။ တစ်နှစ်တစ်နှစ်မှာ ပြန်ဆန်းစစ်တဲ့အခါ အော် ဒီအခက်ခဲက ဒီအချိန်မှာ ဖြစ်ကို ဖြစ်တာပဲ၊ပြီးရင် ပိုကောင်းတဲ့ရလာဒ်ကို ရတယ်ဆိုတာ အမြဲခံစားရတယ်။ လူမှုရေး၊ဝန်ထမ်း၊ ငွေကြေးပြသနာတွေရှိတဲ့အခါ နောက်ဆုတ်ပြေးချင်တယ်။ ဒါပေမယ့် ရအောင် ကျော်ရင် ရကိုရတယ်ဆိုတာကို ပြောချင်တာပါ။

မေး။ ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ အားနည်းချက်တွေကို ဘယ်လိုပြုပြင်ဖြစ်လဲ?​

ဖြေ။ ။​ အမရဲ့အားနည်းချက်က ဝမ်းနည်းလွယ်တာ၊​ အသည်းငယ်တာရှိတယ်။ အဲ့ဒါအပြင် အမက လက်တွေ့လုပ်လာရတော့ ဆယ်တန်းအောင်၊ဘွဲ့ရ ပြီးတာနဲ့ အလုပ်လုပ်တော့ စိးပွားရေးလုပ်တဲ့အခါ အမမှာစာတွေ့သီအိုရီအားနည်းတယ်။​အဲ့တော့ planning မလုပ်ဘဲ လက်တွေ့ကို တန်းလုပ်တာပေါ့။ အဲ့လိုပုံစံမျိုးမှာ အခက်ခဲရှိတယ်။ အောင်မြင်တာလည်းရှိတယ်။ plan မရှိဘဲ လုပ်တော့ မအောင်မြင်တာလည်းရှိတယ်။​သီအိုရီအားနည်းတော့ အမက ခု အလုပ်လုပ်ရင်းနဲ့ သီအိုရီပိုင်းနဲ့ပတ်သက်တဲ့စာတွေကို စီးပွားရေးပညာရပ်တွေထပ်ဖြည့်တယ်။ အဲ့တော့ စနစ်တကျနဲ့ ကိုယ့်လုပ်ငန်းကို လုပ်လာနိုင်တယ်။​သီအိုရီပိုင်းက အမ အားနည်းချက်ပဲ။ အခု သီအိုရီနဲ့ပေါင်းစပ်လိုက်တော့ စမတ်ကျတဲ့ စီးပွားရေးကို လုပ်လာနိုင်တယ်။​

မေး။ ။ အမရဲ့ အနာဂတ်ရည်မှန်းချက်က ဘာဖြစ်မလဲ?

ဖြေ။ ။ သီအိုရီနဲ့ကော စာနဲ့ကော learning လုပ်နေရင်းနဲ့ သိလာတာက သီအိုရီကနေ လက်တွေ့ကို ပြောင်းသုံးတယ်။ အမအခု မာစတာတက်နေတယ်။ sustainable ဖြစ်တဲ့စီးပွားရေး၊ environmental အတွက် အကျိုးရှိတဲ့ စီးပွားရေးကို ဖြစ်လာဖို့ ပိုကြိုးစားနေတယ်။

Innovative လည်းဖြစ်ရမယ်။ အခု အမ တက်နေရင်းနဲ့ပိုသိလာရတာက sustainable ဖြစ်ဖို့ အကျိုးရှိဖို့ လူသားအကျိုးပြုအနေနဲ့ အများကြီးလုပ်ဖို့ စီစဉ်ထားတယ်။ မြန်မာမုန့်ကိုလည်း training center ထပ်လုပ်သွားမယ်။ မြန်မာမုန့်ကို လူတိုင်းသိစေရမယ်။ လူသားအကျိုးပြုဖို့ မြန်မာအမျိုးသမီးတိုင်း မြန်မာမုန့်လုပ်တက်ရမယ်ဆိုတဲ့ အတိုင်း ၂၀၂၃ မှာစပြီးတော့ စီစဉ် နေပြီး ၂၀၂၄ မှာ စတင်နိုင်အောင်လုပ်သွားမယ်။

မေး။ ။ ဒီအင်တာဗျူးကနေ တစ်ဆင့် ဘာများပြောချင်ပါသေးလဲ?

ဖြေ။ ။ FNF Myanmar နဲ့အမနဲ့က အခုဆိုရင် အင်တာဗျူးတွေရယ် FNF ကအစီအစဉ်တွေမှာပါဝင်လာတာ က အခု တတိယအကြိမ်အထိရှိလာပြီ။  အခုချိန်က TVC တွေနဲ့ marketing cost and adv cost တွေများတော့ အမ မကြေငြာနိုင်ဘူး။ ကိုယ်က မက်ဆေ့ကို ထိထိရောက်ရောက်မပေးနိုင်ဘူး။ အဲ့ဒီတော့ ဒီလိုအစီစဉ်တွေကနေ ပါဝင်နိုင်ဖို့ အခုလို မေးပေးလို့လည်း ကျေးဇူးတင်ပါတယ်။

tint 2