DE

women to women
အမျိုးသမီးများနဲ့ ကျန်းမာကြံ့ခိုင်ခြင်း

nc moe

အမျိုးသမီးတွေအတွက် စိတ်ဓာတ်ကျန်းမာကြံ့ခိုင်မှုက အရေးကြီးသလို ခန္ဒာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းကလည်း အဓိကကျပါတယ်။ စိတ်နဲ့ခန္ဒာကျန်းမာမှသာ မိမိကိုယ်တိုင်အပြင် မိမိပတ်ဝန်းကျင်ကိုပါ ကောင်းမွန်တဲ့ အပြောင်းအလဲတွေဖြစ်အောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။   ဒီတစ်လရဲ့ women to women အစီအစဥ်အတွက် တင်ဆက်ပေးမယ့်သူကတော့ live, love & life ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလည်းဖြစ်သလို မိခင်တစ်ဦးလည်းဖြစ်ပြီး Fitness နဲ့ပတ်သက်ပြီးသင်ကြားပေးနေသူတစ်ဦးလည်း ဖြစ်တဲ့ NC Moe ကို အမျိုးသမီးတွေအတွက် ခန္ဒာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းရဲ့ အရေးကြီးပုံနဲ့ ပတ်သက်ပြီး မေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

မေး။ ။ ညမနာမည်နဲ့ အလုပ်အကိုင်ကို မိတ်ဆက်ပေးပါ။

ဖြေ။ ။ ညမနာမည်က NC Moe ပါ။  Live, love & Life  ဆိုတဲ့page ကလုပ်ထားပါတယ်။ 

မေး။ ။ ဘယ်အရွယ်တည်းကနေ လေ့ကျင့်ခန်းကို စလုပ်ဖြစ်တာလဲ?

ဖြေ။ ။ ညမက အပျိုတုန်းက အရမ်းပိန်ခဲ့တယ်။ အိမ်ထောင်ကျပြီး အသက် ၂၁ နဲ့ ၂၂ ကြားမှာကလေးမွေးလိုက်ပြီးတဲ့အချိန်မှာပေါင် ၁၅၀ လောက်ထိဝသွားခဲ့တယ်။ အဲ့အချိန်မှာ ခန္ဒာကိုယ်က ပုံပျက်သွားပြီးတဲ့အချိန်မှာ စိတ်ဓာတ်ကျတာတွေ အရမ်းဝင်သွားပြီးကိုယ်က ကလေးနို့တိုက်လိုက်၊ ကလေးကိစ္စတွေလုပ်လိုက်နဲ့ အော်ငါတစ်ယောက်တည်းပဲ ရပ်တန့်နေပါလားဆိုပြီး အရမ်းစိတ်ဓာတ်တွေကျပြီးတဲ့အချိန်မှာ အမျိုးသားက gym သွားတော့ အိမ်ရှေ့က gym မှာ အမျိုးသားနဲ့အတူ အဖော်လိုက်ရင်းနဲ့မှ  ကိုယ့်ကိုကိုယ် ပြောင်းလဲနိုင်တယ်ဆိုတာအသိစိတ်ဝင်ပြီးတော့ ဒီလို အခြေအနေထိရောက်လာခဲ့တာပါ။

n moe

မေး။ ။ ဘာကြောင့် ဒီလိုမျိုး လေ့ကျင့်ခန်းနဲ့ပတ်သက်တဲ့ Live, love & Life ကိုလုပ်ဖြစ်တာလဲ? 

ဖြေ။ ။ ညမ ဂျင်ဆော့တဲ့အချိန်မှာ ဗိုက်ကချုပ်ရိုးအတွင်းထဲက သိပ်မကျက်သေးတာကြောင့် ဗိုက်ဆော့တဲ့အခါမှာ အရမ်းနာပြီး ပက်လက်လှန်ပြီးလှဲနေရတယ်။ ဂျင်မှာလည်း trainer တွေက ဗိုက်ကျချင်ရင် ဗိုက်ပဲရိုက်ခိုင်းတော့ ကိုယ်ကအဲ့မှာ  အဆင်မပြေတဲ့အခါကျတော့ ဘယ်လိုလုပ်ရမလဲဆိုတာလေ့လာတော့မှ ကိုယ်လုပ်နေတာတွေကလွဲနေပါလားဆိုတာသိလာတယ်။ အဲ့မှာ ပိုသိလာလေ လေ့လာလေနဲ့ စာအုပ်တွေဖတ်ပြီးတော့မှ ဝါသနာကအရမ်းပါလာတော့ ကိုယ့် ပြောင်းလဲမှုတွေကို မှတ်တမ်းထားချင်တာရယ်၊ ကလေးမွေးထားတဲ့အမျိုးသမီးတွေကိုပဲ မှန်ကန်တဲ့ fitness အချက်အလက်တွေပြာပြချင်တာနဲ့ပဲ ဝေမျှချင်လို့ လုပ်ရင်းကနေ တဖြည်းဖြည်းနဲ့ ဒီဘက်ကိုပိုလုပ်ဖြစ်တာပါ။

 

မေး။ ။ အမျိုးသမီးတစ်ယောက်အတွက် physical ကြံ့ခိုင်မှုက ဘယ်လောက်အရေးပါတယ်လို့ထင်လဲ?

ဖြေ။ ။ ဒီနိုင်ငံမှာက အထူးသဖြင့်အာရှဘက်ပေါ့နော်။ သေးသေးသွယ်သွယ်လေးဖြစ်တာကို ပိုကြိုက်ကြတယ်။ ညမအနေနဲ့က အမျိုးသမီးတစ်ယောက်အနေနဲ့ အခုလို ကြွက်သားမရှိတာက အထူးသဖြင့်ပေါ့လေ အမျိုးသမီးတွေက အသက် ၂၅ နှစ်နောက်ပိုင်းဆို ဝဖို့လွယ်လာတယ်။ အသားအရေပျော့တွဲဖို့ ပိုမြန်လာတယ်။ မျက်နှာတွေကအစ အရေးကြောင်းလေးတွေထွက်လာသလို ဖြစ်လာတယ်။ ကြွက်သားမရှိတဲ့ ခန္ဒာကိုယ်က ပိုပြီး metabolism နည်းတယ်။ အမျိုးသမီးတွေအနေနနဲ့ဆိုရင်ပိုပြီးအိုတာက မြန်လာတယ်။ အသက်ကြီးလာလေ ကြွက်သားဆုံးရှုံးမှုများလေ ဆိုတော့ကြွက်သားနည်းသွားတော့ တချို့တွေဆို အသားတွေပျော့လာတာမျိုး၊ အသက်ကြီးလာရင် အမျိုးသမီးတွေမှာဆိုရင် အရိုးပွတာရှိတယ်။ နည်းနည်းလေး ခလုပ်တိုက်တာနဲ့ ကျွတ်ခနဲ ဖြစ်တာမျိုး  အဲ့လို ဖြစ်ကြတာမျိူးတွေကပိုများတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အမျိုးသမီးတွေက ပိုပြီး အရိုးတွေသန်မာတယ်။ နောက်ပြီး လှုပ်ရှားနိုင်စွမ်းအား လျော့လာတော့ ပစ္စည်းတွေတောင် မကောက်နိုင်တော့တာမျိုး ဖြစ်လာတယ်။ ဆိုတော့ လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာလည်း အလေးတွေကောက်မနေတာမျိုးမှ မဟုတ်ဘူး လှုပ်ရှားမှု တစ်ခုခု ကိုယ့်ခန္ဒာကိုယ်အလေးချိန်နဲ့ပဲလေ့ကျင့်ခန်းလုပ်တာမျိုး၊ gym သွားမှမဟုတ်ဘူး အိမ်မှာပဲနေရင်းနဲ့ ကစားလို့ရတဲ့ လေ့ကျင့်ခန်းတွေအများကြီးရှိတယ်။  ညမ ပြောချင်တာက အဲ့လိုတွေနဲ့လည်း ကိုယ်ကစလို့ရနိုင်ပါတယ်။

nc more

မေး။ ။ ကလေးမွေးထားတဲ့မိခင်တွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ physical activity အတွက်ကို ဘယ်လိုအားပေးချင်လဲ?

ဖြေ။ ။ ကလေးမွေးထားတဲ့မိခင်တွေမှာဆိုရင်  ကိုယ်ဝန်ဆောင်ထားရတာဖြစ်တဲ့အတွက် အထူးသဖြင့် ဗိုက်ကြွက်သား နေရာတွေချဲ့ထားရတော့ကွဲသွားတယ်။ အဲ့နေရာတွေမှာအထူးသဖြင့် ခါးဆိုနည်းနည်းပိုတုတ်တာတွေရှိတယ်။ ကလေးမမွေးတဲ့အမျိုးသမီးတွေနဲ့ ကလေးမွေးထားတဲ့ အမျိုးသမီးတွေ ကွာခြားတာဘာလဲဆိုရင်  အဲ့ဒီကွဲသွားတဲ့ ဗိုက်ကြွက်သားကိုပြန်စေ့သွားအောင် လုပ်တဲ့ နည်းလမ်း လေးတစ်ခုပဲပိုသွားတယ်။ အဲ့ဒါကလည်း တစ်နေ့ကို ၁၅ မိနစ်လောက်အချိန်ပေးရုံနဲ့တင် ပြန်ပြီး ပုံမှန်ပြန်ဖြစ်တယ်။ ညမအနေနဲ့က တော့ အပျိုတုန်းက ပိန်နေတာနဲ့အခုနဲ့ဆိုရင် အခုလက်ရှိ ခန္ဒာကိုယ်ကိုပိုပြီး ကျေနပ်တယ်။ ကိုယ်က လေ့ကျင့်ခန်းလုပ်ချင်တယ်။ အလေးမရှိဘူးဆိုရင် ရေသန့်ဘူးတွေရှိတယ်။ gym သွားမှမဟုတ်ဘူး။ ဝိတ်တုံးလေးတွနဲ့ပဲညမဆိုရင်စခဲ့တာပါ။ အိမ်ထောင်ကျသွားလို့ ငါကကလေးမွေးလိုက်လို့ ပျက်စီးသွားပြီဆိုတာမရှိဘူး။ လူတိုင်းသည် လုပ်လို့ရတယ်။ မလုပ်လို့မရဘူးဆိုတာလုံးဝမရှိဘူး။

nc moe

မေး။ ။ မိခင်ဖြစ်နေတဲ့ အမျိုးသမီးတွေအနေနဲ့ ကျန်းမာရေးအတွက် ကြံ့ခိုင်အောင်လုပ်ဖို့ အတွက်ကို ဘယ်လိုအကြံပေးစကားပြောချင်လဲ?

ဖြေ။ ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာက အမျိုးသမီးတွေအတွက်ကလေးမွေးထားခြင်း၊ မမွေးထားခြင်းက ဘာမှကိုမဆိုင်ဘူးလို့ထင်တယ်။ ဒီခန္ဒာကိုယ်သည် ဒီခန္ဒာကိုယ်ပဲ။ တစ်ခုပဲ ကလေးမွေးထားလို့ ဗိုက်ကြွက်သားနှစ်ခုသည် ချဲ့ပေးရတဲ့အတွက်ကွဲသွားတယ်။ ခါးနည်းနည်းပိုတုတ်လာသလိုဖြစ်သွားတော့ အဲ့ဒါကိုပိုလုပ်ရတာတော့ရှိတယ်။ ကလေးမွေးပြီးတဲ့မိခင်တိုင်းက post-partum depression ကိုခံစားရတာရှိတယ်။ ညမတုန်းကလည်း အဲ့လိုဖြစ်တဲ့ စိတ်ကျတာ ကိုလေ့ကျင့်ခန်းနဲ့ကုစားခဲ့တာ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာမှ အဲ့လိုမျိုး lost ဖြစ်တာမျိုးနဲ့ စိတ်ဓာတ်ကျတာ ဖြစ်တာမျိုး မရှိတော့အောင်ကို သိသိသာသာ ပျောက်သွားတာ။ အဲ့တော့ ပြောချင်တာက အမေကိုယ်တိုင်က depressed ဖြစ်နေတဲ့အခါမှာအိမ်ထောင်ရေးကလည်း မသာယာနိုင်ဘူး။ ပြောင်းလဲလာတဲ့ ခန္ဒာကိုယ်ကိုစိတ်ညစ်လာမယ်။ လေ့ကျင့်ခန်းအတွက် အချိန်ဆိုတာသပ်သပ်ပေးနေစရာကိုမလိုဘူး။ ကလေးအိပ်နေတုန်းလေး jump squat လေး ၁၅ မိနစ်လောက်လုပ်တာမျိုး၊ အိမ်မှာဆိုရင် လှဲနေတာထိုင်နေတာမျိုးထက် လှုပ်လှုပ်ရှားရှား နေလို့ရတယ်။ ကလေးမွေးပြီးဝသွားတယ်ဆိုတာ လှုပ်ရှားမှုအရမ်းနည်းလို့ ဖြစ်တာ။ လှုပ်ရှားမှုက နည်းသွားလို့ ဝ ဝလာတာ။ ဂျင်သွားရင် ကယ်လိုရီလောင်ကျွမ်း မှ ၅၀၀ ပေါ့။  အဲ့ထက်ပိုပြီးအရေးကြီးတာက ကိုယ့်ရဲ့နေ့စဥ် ကယ်လိုရီလောင်ကျွမ်းမှုက ပိုပြီးအရေးကြီးတာ။ နေ့စဥ်လှုပ်ရှားမှုရှိတယ်ဆိုရင် ပိုပြီး လောင်ကျွမ်းလွယ်တယ်။ ကလေးမိခင်တွေက ပုံမှန်စားတဲ့ ကယ်လိုရီထက် ၅၀၀ ကယ်လိုရီလောက်စားပေးရင်တောင် ကလေးအတွက် က လုံလောက်နေပြီ။ ကလေးအမေတွေစားတာအများစုက ၅၀၀ မကတော့ ကယ်လိုရီဝင်တာ အရမ်းများပြီးလှုပ်ရှားမှု အရမ်းနည်းသွားတော့ ကလေးမွေးလို့ ဝ တာထက်  ကလေးမွေးပြီးနောက် ကိုယ့်ရဲ့ နောက်ဆက်တွဲစားသောက်မှုပုံစံကြောင့် ဝလာတာကပိုများတယ်။

fnf

 

မေး။ ။ ဒီနေ့ခေတ်မှာဆို မိခင်တွေက အရမ်း အလုပ်တွေများကြတယ်။ အချိန်တွေလည်းရှားလာကြတော့ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်ကြတော့ဘူး အဲ့တော့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် ဘယ်လိုတွေ အကြံပေးချင်လဲ?

ဖြေ။ ။ ညမအကြံပေးချင်တာကတော့ ကလေးမွေးထားတဲ့ မိခင်တွေအနေနဲ့ ကလေး ၆ လလောက်မှာ ကလေးအတွက်ပဲbonding လုပ်ပါ။ မြန်မာမှာဆိုရင် ခွဲမွေးတဲ့အမျိုးသမီးတွေကပိုများတယ်။ အဲ့အချိန်မှာကိုယ့်ရဲ့ ခန္ဒာကိုယ်ကို အရမ်းအပြောင်းအလဲလုပ်ချင်ဆုံးပဲ။ သာမန်ကလေးမွေးထားတဲ့အမျိုးသမီးတွေဆိုရင်တောင် ၃လလောက်မှ ကောင်းကောင်းအနာကျက်တာဆိုတော့လေ။ အလေးမမယ်၊  gym သွားမယ်တွေခဏမေ့ထားလိုက်။ ကလေးနဲ့ပဲ bonding လုပ်။ အခုမှစပြီးလုပ်တဲ့သူဆိုရင် ကကိုယ့်ခန္ဒာကိုယ်ပုံစံလှုပ်ရှားမှု တွေက မှားဖို့များတယ်။ ဆိုတော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးရင်က လှုပ်ရှားမှုလေးတွေ များများလုပ်တာမျိုးလုပ်လို့ရတယ်။​ gym မှာtrainer နဲ့ အချိန်မပေးနိုင်ဘူးဆိုရင် အိမ်မှာပဲ အိမ်တွင်းလေ့ကျင့်ခန်း လေးတွေလုပ်လို့ရတယ်။ ညမဆိုရင်လည်း အဲ့လိုမျိုး အိမ်တွင်းလေ့ကျင့်ခန်း နဲ့ပဲစခဲ့တာပါ။ ကိုယ့်ရဲ့ body weight နဲ့ပဲ squat, lunges, လိုမျိုးတွေလုပ်ပြီး အဲ့ဒါလေးတွေနဲ့ပဲစပြီးတော့မှ ကလေးကလည်းကြီးလာတယ်။ ကိုယ့်အတွက်လည်း အချိန်ရတယ်ဆိုမှgym သွားပါ။ နောက်ထပ် အယူဆမှားတာက gym သွားတာကြာမှ ထိရောက်တယ်ထင်နေကြတယ်။ အဲ့ဒါကမှားတယ်။ ၁နာရီခွဲထက်ကျော်တယ်ဆိုရင်က အရမ်းများသွားပြီ။ ၄၅ မိနစ်ကနေ ၁ နာရီခွဲက အများဆုံးပဲ။ အဲ့လောက်ထိအချိန်ပေးစရာမလိုဘူး။ gym သွားပြီး ၃ နာရီ ၄ နာရီကြာတယ်ဆိုတာကလေ အချိန်သွားဖြုန်းနေသလိုပဲ။ ၁ နာရီ ၁ နာရီခွဲအတွင်းမှာ သေချာ ကောင်းတဲ့ program နဲ့ကစားရင်က ရပြီ။ အနီးဆုံး gym ကိုပဲရွေးပါ။ ဝိတ်တုံးလေးတွေ နဲ့တင်အဆင်ပြေတယ်။စက်တွေအရမ်းဂရုမစိုက်နဲ့။ ဝိတ်တုံး နဲ့တင်ကစားလို့ရတာတွေများတယ်။ ကိုယ့်ဘတ်ဂျက်နဲကိုက်မယ့်ဟာကိုရှာပါ။ တစ်ပတ်ကို  ၃ ရက်ဆိုရင်တောင် တော်တော်လုံလောက်နေပြီ။

nc moe

မေး။ ။နောက်ဆုံးအနေနဲ့  working mom တွေအတွက် ဘာအကြံပေးချင်သေးလဲ။

ဖြေ။ ။ ညမအနေနဲ့ ပြောရမယ်ဆိုရင် work, life, balance. က အဓိကအကျဆုံးပါ။ ကိုယ့်ရဲ့အခြေအနေ၊ကိုယ့်ရဲ့ လူမှုဘဝပုံစံပေါ်မူတည်ပြီး ရှာကြည့်ကြပါလို့။ နောက်ပြီးတော့ အမျိုးသမီးတွေကို ညမ အကြံပေးချင်တာက ငွေကြေးအရမှီခိုမှုကင်းအောင်နေပါ။  အဲ့ဒါကကိုယ့်မိသားစုကော၊ ခင်ပွန်းအတွက်ကော ပိုပျော်ဖို့ကောင်းတဲ့အနေအထားတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ကိုယ့်ငွေကိုရှာနိုင်တယ်ဆိုရင် ကိုယ့်ရဲ့ ယုံကြည်မှုလည်းတက်စေသလို ယောကျာ်းတစ်ယောက်ရဲ့ ကိုယ့်အပေါ်မြင်တဲ့အမြင်လည်း မတူတော့ဘူး။ လေးစားမှုနဲ့ဆက်ဆံတယ်။ ခုခေတ်က အမျိုးသမီးတွေတော်တော်များများက မှီခိုမှုကင်းကင်း ဖြစ်လာကြပြီဆိုတော့လေ။ အမျိုးသားတစ်ယောက်တည်းရှာတဲ့ငွေနဲ့လည်း မလုံလောက်တော့ ငွေကြေးအရမှီခိုမှုဖြစ်အောင်နေပါ။ ဘယ်သူ့ရဲ့ အထောက်အပံ့မှ မလိုဘူးဆိုတဲ့ အတွေးမျိုးနဲ့ ရအောင်နေပါ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ဘယ်သူမှမရှိလည်း ငါရပ်တည်နိုင်တယ်ဆိုတဲ့ စိတ်နဲ့နေပါလို့ ပြောချင်ပါတယ်။

nc moe