DE

Podcast ထုတ်လုပ်ရန်အတွက် ထောက်ပံ့ကူညီမှု

အဆိုပြုလွှာများ ပေးပို့နိုင်ရန် ဖိတ်ခေါ်ခြင်း
fnfmyanmar

FNF Myanmar အကြောင်း

 

ဖရိုင်းဒရစ်နောမင်း လွတ်လပ်မှုဖောင်ဒေးရှင်း (FNF) သည် လစ်ဘရယ်မူဝါဒများ အကောင်အထည် ဖော်နေ သည့် ဂျာမနီနိုင်ငံမှ အကျိုးအမြတ်မယူသော ဖောင်ဒေးရှင်း ဖြစ်ပါသည်။ FNF သည် လစ်ဘရယ် ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ဗဟုဝါဒ၊ စျေးကွက်စီးပွားရေးစနစ်နှင့် လူ့အခွင့်အရေးလေးစားမှုတို့ကို မြှင့်တင် အားပေးရန် သံဓိဋ္ဌာန်ချထားပါသည်။ ယင်းကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၈ ခုနှစ်တွင် ဖယ်ဒရယ်သမ္မတ ဂျာမနီ နိုင်ငံ၏ ပထမဆုံးသမ္မတ Theodor Heuss မှ အခြားသူများနှင့်အတူ တည်ထောင်ခဲ့ပါသည်။ ဖောင်ဒေးရှင်း သည် ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၇၀ ကျော်တွင် လုပ်ငန်းများဆောင်ရွက်နေပြီး ရုံးချုပ်သည် ဂျာမနီ နိုင်ငံ ပေါ့စ်ဒမ် (Potsdam) မြို့တွင် တည်ရှိပါသည်။

ဖောင်ဒေးရှင်းကို မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သော အဖွဲ့အစည်း အဖြစ်မှတ်ပုံတင်ထားပြီး စီးပွားကူးသန်း ဝန်ကြီးဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနတို့နဲ့ သဘောတူစာချုပ် လက်မှတ် ရေးထိုးကာ အသေးစား အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ယှဉ်ပြိုင်မှု ကော်မရှင်ကို အကူအညီပေးရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အကူအညီပေးရေး၊ လူ့အခွင့်အရေး မြှင့်တင်ပေးရေး တို့တွင် ကူညီ ဆောင်ရွက် ပေးနေပါသည်။

 

ထောက်ပံ့ကူညီမှု အကြောင်း အကျဉ်းချုပ်

ဖောင်ဒေးရှင်းမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကို အကူအညီပေးနေသော လုပ်ငန်းစဉ်၏ တစိတ်တဒေသအဖြစ် ဤအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ဖောင်ဒေးရှင်းသည် ဒီမိုကရေစီစံနှုန်းများ၊ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများကို မြန်မာနိုင်ငံသားများ ပိုမို သိရှိနားလည် လာသည်နှင့်အမျှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ် ပိုမို အရှိန်ရလာပြီး အောင်မြင်နိုင်မည်ဟု ယုံကြည်ပါသည်။ ထို့အတွက် အဆိုပါ စံနှုန်းများကို လူအများမှ ပိုမို သိရှိလာရန်နှင့် သဘောပေါက် နားလည်လာနိုင်ရန် အရေးကြီးသည်ဟု ခံယူသောကြောင့် ဤအစီအစဉ်ကို အထက်ပါအချက်များကို အခြေခံ၍ ပြုလုပ်သွားရန် စဉ်းစားထားပါသည်။

ဤကူညီထောက်ပံ့မှုသည် အထက်ဖော်ပြပါ အကြောင်းအရာများကို အခြေခံ၍ Podcast များ ပြုလုပ်နိုင်ရန် ထောက်ပံ့ပေးခြင်း ဖြစ်ပါသည်။

 

Podcast အတွက် အခြေခံရမည့် အချက်များ

Podcast ထုတ်လုပ်ရန်အတွက် အောက်ပါ အကြောင်းအရာများကို အခြေခံနိုင်ပါသည်။ ထိုအချက်များ တွင် မပါဝင်သော်လည်း သက်ဆိုင်မှုရှိသည်ဟု ယူဆသည့် အကြောင်းအရာများ အပေါ်တွင်လည်း အခြေခံနိုင်ပါသည်။

- မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေ

- ဒီမိုကရေစီ၏ စံနှုန်းများနှင့် တန်ဖိုးများ

- ရွေးကောက်ပွဲများ၏ သဘောတရားနှင့် အရေးပါမှု

- လူ့အခွင့်အရေး စံနှုန်းများနှင့် အရေးပါမှု

- မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်

- လစ်ဘရယ် သဘောတရားနှင့် စံနှုန်းများ

- မီဒီယာ သတင်းအချက်အလက် ဆိုင်ရာ သိနားလည်မှု

 

Podcast ကို မည်သို့ ပြုလုပ်ရမည်နည်း

Podcast ပြုလုပ်ရန်အတွက် မည်သည့် အသံဖမ်း ကိရိယာ၊ မည်သည့် Audio Editing software ကိုမဆို အသုံးပြုနိုင်ပါသည်။ ဖမ်းယူထားသော အသံသည် ကြည်လင် ပြတ်သားမှု ရှိရမည် ဖြစ်ပြီး နောက်ခံထည့်သွင်းသော အသံများသည် မူပိုင်ခွင့် ချိုးဖောက်ရယူထားမှု မရှိရန် လိုအပ်ပါသည်။

ဤကူညီထောက်ပံ့မှုအတွက် အနည်းဆုံး Podcast အပိုင်း ၁၀ ပိုင်း ကို ပြုလုပ်ပေးရမည် ဖြစ်ပြီး အများဆုံး အနေနှင့် ကန့်သတ်ထားခြင်း မရှိပါ။

ရွေးချယ်ခံရပါက Podast များကို စက်တင်ဘာလနှင့် အောက်တိုဘာလ များအတွင်းတွင် ပြုလုပ်ရမည် ဖြစ်ပြီး မြန်မာဘာသာ စကားဖြင့်သာ ပြုလုပ်ရပါမည်။ ထုတ်လုပ်ထားသော Podcast များကို FNF Myanmar ၏ Facebook Page နှင့် Website ပေါ်တွင် အဓိက ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

 

အဆိုပြုလွှာတွင် ပါဝင်ရမည့် အချက်များ

စိတ်ဝင်စားသဖြင့် FNF Myanmar သို့ အဆိုပြုလွှာ ပေးပို့မည် ဆိုပါက အောက်ပါအချက်များ ပါဝင်ရပါမည်။

- ပေးပို့သူ (သို့) အဖွဲ့အစည်း၏ အကြောင်း အကျဉ်းချုပ်

- ပေးပို့သူ (သို့) အဖွဲ့အစည်းတွင် ယခင်က Podcast ထုတ်လုပ်ခဲ့သည့် အတွေ့အကြုံ (အကယ်၍ ရှိပါက)

- Podcast တွင် ပါဝင်မည့် အပိုင်းများ၏ ယေဘုယျ အကြောင်းအရာ

- Podcast တွင် ပါဝင်မည့် အပိုင်း အရေအတွက်နှင့် ခန့်မှန်းကြာချိန်

- Podcast တွင် ပါဝင်မည့် ပထမဆုံး (၃) ပိုင်း၏ အသေးစိတ် အချက်အလက်များနှင့် ခန့်မှန်း ကြာနိုင်ချိန်များ (ဥပမာ - ခေါင်းစဉ်၊ မိတ်ဆက်ခြင်း၊ နောက်ခံအကြောင်းအရာ၊ ပင်မအကြောင်းအရာ၊ ဥပမာများ၊ နိဂုံးချုပ်ခြင်း စသည်ဖြင့်)

- Podcast တွင် ပါဝင်မည့် ကျန်အပိုင်းများ၏ ခေါင်းစဉ်များ

- အခြား သက်ဆိုင်သည့် အရာများ

အဆိုပြုလွှာပေးပို့ရာတွင် အသံနမူနာကို ပူးတွဲပေးပို့ရန် မလိုပါ။ သို့ရာတွင် ထိုသို့ ပေးပို့ပါက ယင်းအချက်ကိုပါ ထည့်သွင်း စဉ်းစားပေးပါမည်။

 

ထောက်ပံ့ကူညီမှုပမာဏ

ပေးပို့လာသည့် အဆိုပြုလွှာများထဲမှ တစ်ခုကို ရွေးချယ်ပြီး ထိုရွေးချယ်ခံရသည့် အဆိုပြုလွှာအတွက် ကူညီထောက်ပံ့ငွေ ဒေါ်လာ ၄,၀၀၀ ပေးအပ်သွားမည် ဖြစ်ပါသည်။

 

အဆိုပြုလွှာနောက်ဆုံးပေးပို့နိုင်သည့် နေ့ရက်

အဆိုပြုလွှာများကို သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး FNF Myanmar သို့ ပေးပို့နိုင်ပါသည်။

ရရှိလာသော အဆိုပြုလွှာများထဲမှ တစ်ခုကို စက်တင်ဘာလ ပထမအပတ်ထဲတွင် ရွေးချယ်၍ ကြေညာပေးသွားမည် ဖြစ်ပါသည်။

 

စုံစမ်း ပေးပို့နိုင်သည့် လိပ်စာ

အဆိုပြုလွှာနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပိုမို သိရှိလိုပါက ဒေါက်တာ အောင်သူဟိန်း ဖုန်း ၀၉၄၂၀၁၂၂၄၉၀ သို့ ဆက်သွယ် စုံစမ်းနိုင်ပြီး အဆိုပြုလွှာများ ပေးပို့လိုပါက စိုင်းကွမ်စိုင်း ၀၉၂၆၂၉၈၁၃၅၀ saikwan.hsai@freiheit.org saikwan.hsai94@gmail.com နှင့် သန်းနိုင်အောင် ၀၉၄၂၁၀၈၄၅၅၈ than.aung@freiheit.org thannaingaung457@gmail.com သို့ ပေးပို့နိုင်ပါသည်။