DE

Falling Walls Lab Myanmar ၂၀၂၀

Falling Walls Lab Myanmar ၂၀၂၀ တွင် “Breaking the Wall of the Skills Gap between Universities and the Employment Sector for STEM Graduates” ခေါင်းစဉ် အနိုင်ရရှိ
fnfmyanmar

Falling Walls Lab Myanmar ၂၀၂၀ တွင် “Breaking the Wall of the Skills Gap between Universities and the Employment Sector for STEM Graduates” ခေါင်းစဉ် အနိုင်ရရှိ

ရန်ကုန်၊စက်တင်ဘာ ၂၆ ၂၀၂၀။ ။ Falling Walls Lab Myanmar 2020 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် STEM ဘွဲ့ရများအနေဖြင့် တက္ကသိုလ်များနှင့်အလုပ်အကိုင်ကဏ္ဏတွင် အရည်အသွေးများ ကွာဟနေမှုတံတိုင်းကိုချိုးဖျက်ခြင်း ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အိုင်ဒီယာမှ အနိုင်ရရှိခဲ့သည်။

မဝတ်မှုံနှင်းလှိုင်သည် သူမ၏အတွေးအခေါ်တင်ပြမှုဖြင့် အခြားသော ပြိုင်ပွဲဝင် ၇ ယောက်၏အတွေးအခေါ်တင်ပြမှုကို ကျော်လွန်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အလားတူပင် အလွယ်တကူရယူရန်ခက်ခဲ့သည့် နှစ်သိမ့်ဆွေးနွေးခြင်းတံတိုင်းကိုဖြိုဖျက်ခြင်း၊ ကျေးလက်ဒေသများတွင်အစားအစာလေလွင့်မှုတံတိုင်းကို ဖြိုဖျက်ခြင်းစသည့်ခေါင်းစဉ်များက ဒုတိယနှင့်တတိယနေရာများတွင်ရရှိခဲ့သည်။

Falling Walls Lab သည်စွမ်းရည်မြင့်မားသည့် တက်သစ်စလူငယ်များအတွက် ယင်းတို့၏အတွေးအခေါ်များနှင့် ဆန်းသစ်များကို ပြသနိုင်မည့် စိန်ခေါ်မှုပြည့်ဝလျက်ရှိသည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိအတွေးအခေါ်တူသူလူငယ်များနှင့် ချိတ်ဆက်ခွင့်ရရှိနိုင်မည်ဖြစ်ကာ ယနေ့ခေတ်တွင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများကို ကိုယ်ပိုင်အတွေးအခေါ်များနှင့် ဆန်းသစ်ကာ ကျော်ြဖတ်နိုင်ရန် တင်ပြနိုင်မည့် ပြိုင်ပွဲလည်းဖြစ်သည်။

လက်ရှိဖြစ်ပွားနေသည့် Covid-19 ရောဂါအခြေအနေကြောင့် ရန်ကုန်တွင် ပြိုင်ပွဲကို စက်တင်ဘာ ၂၆ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့်ကျင်းပခဲ့ပြီး FNF Myanmar ၏လူမှုကွန်ယက်စာမျက်နှာတွင် လည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါသည်။ဆုရရှိသူနှင့်  1ST runner up ဆုရရှိသူသည်ဂျာမနီနိုင်ငံဘာလင်တွင် ပြုလုပ်မည့် အွန်လိုင်း Global Lab တွင်သွားရောက်တင်ဆက်ပြောဆိုရမည်ဖြစ်ပြီး ဘာလင်တွင်ရှိသည့် Falling Walls အဖွဲ့အစည်းမှပြုလုပ်သည့် Global Extended Program တွင်ပါဝင်ရမည်ဖြစ်သည်။

၂၀၂၀ ခုနှစ် Falling Walls Lab Myanmar တွင်ပါဝင်ခဲ့သူပေါင်း ၈ ဦးရှိခဲ့ပြီး လူ့အရင်းအမြစ် တိုးတက်ရေးဆိုင်ရာ အတားအဆီးကို ဖြိုဖျက်ခြင်း၊ ထီလက်လီရောင်းချသူများအတွက် ဝင်ငွေဆုံးရှံးနေမှု အတားအဆီးကို ဖြိုဖျက်ခြင်း၊ မိရိုးဖလာဖြစ်နေသည့် လယ်သမား အလုပ်အကိုင်များနှင့်ပတ်သက်သည့် အတားအဆီးကို ဖြိုဖျက်ခြင်း၊ အလွယ်တကူရယူရန်ခက်ခဲသည့် နှစ်သိမ့်ဆွေးနွေးမှုနှင့်ပတ်သက်သည့် အတားအဆီးကို ဖြိုဖျက်ခြင်း၊ ပြည်တွင်းလယ်သမားများ၏ ပုံမမှန်ဝင်ငွေ နှင့်ပတ်သက်သည့် အတားအဆီးကို ဖြိုဖျက်ခြင်း၊ STEM ဘွဲ့ရများအနေဖြင့် တက္ကသိုလ်များနှင့်အလုပ်အကိုင်ကဏ္ဏတွင် အရည်အသွေးများ ကွာဟနေမှုတံတိုင်းကိုဖြိုဖျက်ခြင်း၊ ကျေးလက်တွင် အစားအသောက် အလေအလွင့်ဖြစ်နေမှုကို ဖြိုဖျက်ခြင်း စသည့် ခေါင်းစဉ်များဖြင့်ပါဝင်တင်ဆက်ခဲ့သည်။ 

“ကျွန်မတို့ အနေနဲ့ ဒီလိုလူငယ်စွန့်ဦးတီထွင်သူတွေကို သူတို့ရဲ့ တီထွင်မှုလမ်းတစ်လျှောက်မှာ အထောက်အပံ့ရအောင်နဲ့ ဒီနေ့ခေတ် စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ရည်ရွယ်ပြီးဒီလို လုပ်ဆောင်ရတာကို အင်မတန်မှ ဂုဏ်ယူမိပါတယ်။ပရိုဂရမ်တစ်လျှောက်လုံးမှာ ဒီနှစ်ပြိုင်ပွဲဝင်တွေရဲ့ စိတ်ခွန်အားတွေနဲ့ လုပ်ကိုင်စွမ်းရည်တွေကို မြင်ရတာက တိုင်းပြည်အနာဂတ်အတွက် သိသာထင်ရှားနေသလိုပါပဲ။ ကျွန်မတို့ FNF အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့လူငယ်စွန့်ဦးတီထွင်သူတွေကို ဆက်လက်ပြီးထောက်ပံ့ကူညီမှုတွေ ဆက်လုပ်သွားဦးမှာဖြစ်ပါတယ်။ဒါကြောင့် ၂၀၂၁ မှာပြုလုပ်မယ့် ဒီပွဲမှာလည်း လူငယ်တွေ၊စွန့်ဦးလုပ်ငန်းရှင်တွေ၊ သုတေသနပညာရှင်တွေကို ပါဝင်ယှဉ်ပြိုင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု FNF Myanmar ၏ ပရိုဂရမ်မန်နေဂျာ ဒေါ် Biak Hlei Sung မှပြောသည်။

“ကျွန်မအနေနဲ့ ဒီလိုပွဲမှာ ဒိုင်အနေနဲ့ရော ဒိုင်တွေကိုယ်စားပြုရှင်းပြပေးခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ပြိုင်ကြတဲ့ ကောင်းမွန်တဲ့ တင်ပြသူတွေထဲမှာမှ အကောင်းဆုံးကိုရွေးချယ်ရတာလည်း တကယ့်ကို စိန်ခေါ်မှုတစ်ခုပါ။ တင်ပြတဲ့အတွေးအခေါ် တွေအပေါ် အကောင်အထည်ဖော်နိုင်ပြီး တိုင်းပြည်ကို အကျိုးပြုနိုင်ဖို့လည်း ဆုတောင်းပေးပါတယ်။ နောက်ထပ်ကျန်တဲ့ပြိုင်ပွဲဝင်တွေကိုလည်း အကောင်းဆုံး ဖြစ်အောင်ဆက်လက်လုပ်ဆောင်ဖို့ကိုလည်း မျှော်လင့်ပါတယ်” ဟုဒိုင်အဖြစ်ဆောင်ရွက်ခဲ့သည့် ဒေါ်ဆွေဇင်ထိုက်မှ ပြောကြားခဲ့ပါသည်။

ယခုနှစ်တွင် ဒိုင်များအဖြစ် Communications Service Company Ltd.မှ ဒေါ်ဆွေဇင်ထိုက်၊ 360ed မှ စီအီးအိုဖြစ်သူ ဒေါ်လှလှဝင်း၊ MCC Group Myanmar မှ စီအီးအိုဖြစ်သူ ဒေါ်စင်ဒီချောခင်ခင်၊ Yangon Innovation Center မှ စီအီးအို  Mr. Ravi Chahhbra နှင့် Myanmar Competition Commission မှ အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်နေသူ ဦးသုတအောင်တို့မှ ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်ပေးခဲ့သည်။

FNF
FNF