DE

women to women
အမျိုးသမီး အချင်းချင်းကြား စီးပွားရေးချိတ်ဆက်မှုပိုရစေဖို့ ရည်ရွယ်ထားတဲ့ she creates ရဲ့ပဲ့ကိုင်ရှင်

ma wai

တစ်နိုင်ငံလုံးက လက်မှုဖန်တီးသူ အမျိုးသမီးတွေဟာ ကိုဗစ်ကာလနဲ့ ကိုဗစ်ကာလအလွန်မှာ ခက်ခဲစွာရုန်းကန်ခဲ့ကြရပါတယ်။ ဒီလိုအခက်အခဲတွေကြားမှာ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်နေသူ အမျိုးသမီးတွေနဲ့ အမျိုးသမီးလက်မှုဖန်တီးသူတွေအကုန်စုပြီး အမျိုးသမီးအသင်းအဖွဲ့တစ်ခုအနေနဲ့ စုစည်းတည်ရှိတဲ့ အဖွဲ့တစ်ခုကို ဦးစီးတည်ထောင်ဖို့ အကြံဥာဏ် ရခဲ့သူက Wai Wai noodle palace က မဝေဝေကျော်ပါ။ ဒါကြောင့် သူမက ၂၀၂၂ ခုနှစ် မတ်လမှာ she creates နာမည်နဲ့အမျိုးသမီးဖန်တီးသူတွေကို တနေရာတည်းမှာ စုစည်း စေခဲ့ပါတယ်။ she creates ဖြစ်ပေါ်လာပုံနဲ့ အမျိုးသမီးဖန်တီးသူတွေကြား ဘယ်လိုအကျိုးရှိစေဖို့ ရည်ရွယ်ထားလဲဆိုတာကို ဒီတစ်လရဲ့ women to women အစီအစဉ်မှာ မေးမြန်းတင်ဆက်ထားပါတယ်။

မေး။ ။ အစ်မ နာမည်နဲ့ အမအလုပ်အကိုင်ရယ် အမရဲ့ ဆိုင်ကို ဘယ်လိုစတင်ခဲ့တယ်ဆိုတာကို တစ်ချက်လောက်မိတ်ဆက်ပေးပါဦး။

ဖြေ။ ။​အစ်မ နာမည်က မဝေဝေကျော်ပါ။ အစ်မ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့က လာပါတယ်။ 2009/10 ကြားထဲမှာ ရန်ကုန်ကို စရောက်တယ်။ အလုပ်ရှာတယ် ဗိုလ်ချုပ်ဈေးထဲမှာ ကျောက်ရွေးဖို့ အစ်မရဲ့ Background ပညာကတော့ ကျောက်ပညာပေါ့နော်။ လခစားတော့ စိတ်မဝင်စားခဲ့ဘူး ပုတ်ပြတ်ကို ပိုစိတ်ဝင်စားတယ်။ ကျောက်ရွေးတဲ့အလုပ်တွက် ဆိုင်တွေမှာ အလုပ်ရှာတယ်။ ဆိုင်တွေကလည်း ကျောက်ဆိုတဲ့အတိုင်း တန်ဖိုးကြီးတော့ သိပ်ပြီး မခေါ်ရဲကြဘူး။ အဲ့တော့ တော်တော်နဲ့ အလုပ်မရဘူး။ နောက်ဆုံးတော့ အန်တီကြီးတစ်ယောက်ရဲ့ဆိုင်မှာ အလုပ်ရတယ် သူ့ကိုတော့ ခုထိ အမေလိုပဲ စိတ်ထဲမှာထားတယ်။ အခါကြီးရက်ကြီးတိုင်းလည်း သွားကန်တော့ဖြစ်တယ်။ သူက အလုပ်စ‌ခန့်တော့ ပထမတစ်ပတ်စမ်းခန့်သဘောနဲ့ ကျောက်ရွေးတဲ့အလုပ်ကို လုပ်ရင်း သူက သဘောကျပြီး ပုတ်ပြတ်ခေါ်တယ်။ အဲ့ဒါနဲ့ နောက်ထပ် ဆိုင်ခွဲ ၂ ဆိုင်မှာပါ ထပ်ပြီးခန့်တော့ ဆိုင် ၃ ဆိုင်မှာ ကျောက်ရွေးရတယ်။ အဲ့လိုနဲ့ ကျောက်ရွေးတဲ့အလုပ်ရနေ ရတဲ့ ပိုက်ဆံကို ၂ နှစ်လောက်စုပြီး အိမ်သေးသေးလေးမှာ ငှားပြီး Guesthouse ဖွင့်ပါတယ်။ လှည်းတန်း အာတီးယားလမ်းမှာ ခြံနံပါတ် ၂၆ C မှာ အခန်း ၄ ခန်းပေါ့။ တစ်လလောက်ထိ လူမလာတော့ စိတ်တော့နည်းနည်း ညစ်တယ်။ ကိုယ့်ရှိတာလေးနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ချိန်မှာ ၂ နှစ်လောက်စုထားတဲ့ပိုက်ဆံကို ဒီပိုက်ဆံသာ မရှိရင် တောင်ပေါ်ပြန်ရတော့မှာဆိုပြီး စိတ်တော့ပူမိတယ်။ ဒါပေမယ့် ၁ လကျော်တဲ့ချိန်မှာ လူလေးက နည်းနည်းဝင်လာပြီးတော့ အဲ့တုန်းက ဦးသိန်းစိန်စတက်တဲ့ ခေတ်ဆိုတော့ ခရီးသွားလုပ်ငန်းက စဖြစ်တဲ့ချိန် 2013/14 ကြားပိုင်းလောက် Foreigner တွေက အလုံးရင်းဝင်လာချိန် Hotel တွေကလည်း မလောက်တော့ဘူးလေ။ အဲ့ဒါနဲ့ အစ်မရဲ့ Guesthouse အသေးလေးက အခန်း ၄ ခန်းလုံးပြည့်သွားတာပဲ။ အဲ့ ၄ ခန်းက တစ်လကို ၂၇ သိန်းဝင်တယ်။ အိမ်လစာကို အစ်မက တစ်လ ၄ သိန်းပေးရတယ်။ အဲ့ခေတ်ကပေါ့နော် မီးဖိုးရေဖိုးနဲ့ဆိုရင် ၈ သိန်းလောက်ဆို အကုန်ပြည့်စုံတယ်။ တခါတလေဆို တစ်လကို ၁၇ သိန်းကျန်တယ် တခါတလေ Tick Money ဖောက်လိုက်ရင် ၃၀၀ လောက်ရတယ်ဆိုတော့ တစ်လကို သိန်း ၂၀ လောက်ကျန်တယ်။ အဲ့အိမ်သေးသေးလေးမှာ ၁၃ လ လုပ်လိုက်တယ်။ အရင်ကရှိတာလေးရယ် အဲ့က ရတာလေးရယ်ပေါင်းလိုက်တဲ့ချိန်မှာ ၄၀၀ လောက်ဖြစ်လာတယ်။ နောက် 10 ခန်းရှိတဲ့ အိမ်ကိုရှာတယ်။ ကမာရွတ် ခြံ No.31 ပုလဲလမ်းမှာ တွေ့ပြီး ၁၀ ခန်းငှားလိုက်တယ်။ အဲ့မှာ ဆက် Run တာ တစ်လကို သိန်း ၉၀ လောက်ကျန်တယ်။ အဲ့လိုနဲ့ ဒီအလုပ်လေးက ကိုယ့်ကို ပိုက်ဆံစုမိလာစေတော့ ဆက်တိုးချဲ့ချင်တာနဲ့ အခန်း ၂၀/ ၃၀  ထပ်ချဲ့ပြီးရှာတယ်။ စမ်းချောင်း သုခလမ်းမှာ ၁၈ ခန်းတိုက်ကိုတွေ့တယ်။ အဲ့ချိန်မှာ ရခိုင်အရေးခင်းနဲ့ကြုံတော့ နည်းနည်း ဂျန့်ဖြစ်တယ်။ အပေါ်ထပ်ကို မသုံးဖြစ်တော့ စဉ်းစားရင်း Foreigner အကြိုက် ဝါးလေးတွေနဲ့ ရိုးရာဝရူး‌ေတာ့ဘားအသေးစားလေး တစ်ခုဖွင့်ဖြစ်တယ်။ တစ်လကို လူတစ်ထောင်လောက်တော့ အနည်းဆုံး ဝင်လေ့ရှိတယ်။ နောက် ဝေဝေရှမ်းခေါက်ဆွဲဆိုင်ရော ရူးတော့ဘားရောတွဲပြီးဖွင့်ဖြစ်တယ်။ ကမာရွတ်တည်းက ရှမ်းခေါက်ဆွဲဆိုင်လေးကဖွင့်တာ။ အဲ့တုန်းက အရမ်းမပေါက်သေးဘူး။ သုခလမ်းကိုပြောင်းလာခါမှ ရှမ်းခေါက်ဆွဲဆိုင်က တော်တော်ပေါက်သွားတာ။ အဲ့နောက် မြို့ထဲမှာ တစ်ဆိုင် ဗိုလ်အောင်ကျော်လမ်းမှာ တစ်ဆိုင် ပြန်ခွဲပြစ်တယ်။ အဲ့လိုနဲ့ ဆက် Run ရင်း ဒီလို အခြေနေဖြစ်လာတာပေါ့နော်။

မဝေ

မေး။ ။​ အမအနေနဲ့ လုပ်ငန်းလုပ်စဉ်ကာလမှာ အမျိုးသမီးတစ်ယောက်တည်း လုပ်ငန်းဦးစီးတဲ့အခါ ဘယ်လိုစိန်ခေါ်မှု အခက်ခဲတွေ ကြုံခဲ့ရလဲ။

ဖြေ။  ။ အစ်မက Foreigner အသိုင်းအဝိုင်းနဲ့ ကျင်လည်ခဲ့ရတော့ အဓိကက Language ပေါ့နော်။ အစ်မက အစက English ကောင်းကောင်းမပြောတတ်ဘူး။ ဒါပေမယ့် သင်ယူချင်စိတ်ရှိနေတော့ အားငယ်စိတ်သိပ်မရှိဘူး။ လေ့လာသင်ယူချင်စိတ်ရှိရင် ဘယ်အခက်ခဲမဆိုကျော်နိုင်မှာပါ။ အစ်မလည်း အစပိုင်းက သိပ်ခက်ခဲတာပေါ့ Foreigner တွေနဲ့ စကားတွေများများပြောတယ် မေးခွန်းတွေပိုမေးဖြစ်တယ် ကြာတော့ နားရည်ဝလာပြီး အဆင်ပြေလာတယ်။  ခုထိအစ်မလည်း အရမ်း perfect တော့မဟုတ်သေးပါဘူး။ သူတို့နဲ့ ပြောတဲ့အခါ Confidence တော့ ရှိတယ်။ သူတို့လည်း ကိုယ့် Language ကိုသင်ယူရတာပဲ မဆန်းဘူး။ အဓိက,က အချင်းချင်း Communicate လုပ်လို့ရဖို့အရေးကြီးတယ်။ ဘာမှတော့ကြောက်စရာမလိုပါဘူး အဆင်ပြေခဲ့ပါတယ်။

မေး။  ။ She Creates ကို ဘယ်နှစ်ခုနှစ်မှာ စပြီး လုပ်ဖြစ်တာလဲ။ ဘာကြောင့်လုပ်ဖြစ်တာလဲ။

ဖြေ။ ။​ 2022 March လလောက်ပေါ့။ International Women Day မှာ အမလက်ရှိလုပ်ဖော်ကိုင်ဖက် Creator တွေနဲ့ စတွေ့ခဲ့တာပါ။

မဝေ

မေး။ ။ ဘာလို့ ဒီလိုမျိုး အမျိုးသမီးတွေစုစည်းထားတဲ့ She Creates ကိုစလုပ်ဖြစ်တာလဲပေါ့နော်။ ဒါ အမတစ်ယောက်ထဲရဲ့ idea လား။တစ်ခြားသူတွေရဲ့ idea ပါသေးလားရှင့်။

ဖြေ။​ ။ ဒါအဖွဲ့အစည်းအားလုံးရဲ့ ဆုံးဖြတ်ချက်ပါ။ အမတစ်ယောက်ထဲနဲ့လည်း လုပ်လို့မရပါဘူး။လုပ်ချင်စိတ်တဲ့စိတ် ရှိရင်တောင်မှပေါ့။  handcraft တွေနဲ့ ပတ်သတ်ရင် အမက မကျွမ်းကျင်ဘူး။ အမက အမဘက်က တတ်နိုင်တာလေးကို လုပ်ရင်းနဲ့ အမျိုးသမီးတွေ အတူတူ ရှေ့ဆက်သွားရင် ပိုကောင်းမှာပဲဆိုတဲ့ idea ပဲ အမမှာ ရှိတာပါ။အမက သူတို့အတွက် အခကြေးငွေမယူပဲနဲ့ နေရာတစ်ခုပေးနိုင်တယ်။အမတို့ မေလ မှာ စတွေ့ခဲ့တယ်။ ဧပြီလ မှာ စကားတွေ ပြောကြတယ်ပေါ့။ မေ နဲ့ ဇွန်မှာ အမတို့ စပြီး Run နေပြီ။ အဲ့ဒီအချိန်ကနေ ဒီဇင်ဘာလ အထိ အမက နေရာအတွက် အခကြေးငွေမယူခဲ့ဘူး။ မီးဖိုး ရေဖိုး ဘာဖိုးမယူခဲ့ပဲနဲ့ "Let's them to try"ပေါ့နော် သူတို့ကို ကြိုးစားကြည့်စေချင်လို့။ ဇန်နဝါရီလ ရောက်မှ နေစရာအတွက် အမ စပြီး ယူတယ်ပေါ့နော်။ဒါကလည်း အခကြေးငွေရယ် မဟုတ်ပဲနဲ့ ရေရှည်အသုံးပြုဖို့ မတူညီတဲ့ ဒေါက်တိုင်တွေ ပုံစံမျိုးပေါ့နော်။ဒါက ရေရှည်သွားဖို့ အတွက်ပေါ့နော် ရေရှည်သွားမယ်ဆိုရင် လူအများကြီး လိုအပ်တယ်။ လူနည်းနည်းလေးနဲ့လည်း သွားလို့မရဘူး။ ကိုယ်က တစ်ခုခု စိတ်ဓာတ်ကျတာပဲ ဖြစ်ဖြစ် အားငယ်တာပဲ ဖြစ်ဖြစ် ဆိုရင် ကိုယ့်ဘေးက လူတွေကိုကြည့်ပြီး ကိုယ်ကို ပိုပြီး အားရှိတယ်ပေါ့နော်။ ဒါကြောင့် လူငယ်တွေကို ပြောချင်တာကလေ အခုခေတ်မှာ တစ်ယောက်ထဲမဟုတ်ပဲနဲ့ အများနဲ့အလုပ်လုပ်တာ ပိုပြီးတော့ ရှေ့ရောက်သလို ရှေ့ကို အများကြီး သွားချင်တယ်ဆိုရင် လူအများကြီးနဲ့ အလုပ်လုပ်ပါလို့။အဖွဲ့အစည်းတစ်ခုမှာတော့ သဘောထားမတူညီတာတွေ ရှိတာပေါ့။ အဲ့တာတွေကို ညှိပြီး လုပ်ကြပါ။ အမကတော့ အဖွဲ့ အစည်းနဲ့ လုပ်ရတာ ပိုကြိုက်တယ်။

မေး။​  ။​She Creates ကိုကျတော့ အမဘယ်နေ့မှာ စထောင်လဲပေါ့နော်။ဘာရည်ရွယ်ချက်တွေရှိလဲ။ She Creates ဆိုတာကကော ဘယ်လိုကြောင့်ဖြစ်လာတာလဲ ပြောပြပေးပါဦးရှင့်။

ဖြေ။​  ။​Spain သံရုံးက ကျင်းပတဲ့ International Women Day Event တစ်ခုမှာ ဒီအဖွဲ့အစည်းကို သွားတွေ့တာ။ အဲ့မှာ တစ်ချို့တွေကလဲ ရုန်းကန်ခဲ့ကြရတယ်။ Covid ရယ် စစ်အာဏာသိမ်းတာရယ် ကြောင့် သူတို့မှာ လမ်းပျောက်နေကြတယ်ပေါ့နော်။ တစ်ချို့ကြတော့ ဆိုင်ခန်းခ မပေးနိုင်တော့ဘူး။ တစ်ချိူ့ကြတော့ customer နဲ့ keep in Touch မဟုတ်ကြတော့ ။ Customer နဲ့ ဝေးကွာနေကြတော့ အဆက်ဆက်တွေက ပြတ်နေကြတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ လူတွေလည်း တွေ့ခဲ့တယ်။ အဲ့တွေ့ ခဲ့တဲ့တာကို အမစိတ်ထဲမှာ စွဲနေခဲ့တာ။ တစ်ပတ်လောက်နေတော့ တစ်ယောက်ချင်းစီကို ဖုန်းခေါ်ပြီး အမ အိမ်မှာတွေ့ပြီး စကားပြောရအောင် ရှေ့ဆက်ပြီးတော့မှ ဒီအမျိုးသမီးတွေ အတူတူပေါင်းပြီး လုပ်ရင် အမျိူးသမီးတွေအတွက် အလုပ်ကိုင်အခွင့်အလမ်းတွေ ပိုရမယ်ပေါ့နော်။အဲ့တာက အဓိကပါ။

wai

မေး။  ။​ဒါဆို She creates ကို အမျိုးသမီးဘယ်နှစ်ယောက်နဲ့ စခဲ့တာလဲရှင့်။

ဖြေ။​  ။​ အမတို့ ( ၁၁ ) ယောက်နဲ့ စခဲ့ကြတာ။ Creator (11)ယောက်နဲ့ စခဲ့ကြတာပေါ့နော်။ ဒီမှာ ဘယ်သူက Principle အဖြစ်တာဝန်ယူမလဲ ဘယ်သူကဘာကိုတာဝန်ယူမလဲဆိုတာကို voting စနစ်နဲ့လုပ်တာပေါ့နော်။ အခုလက်ရှိ She Createsကို Principle အဖြစ်တာဝန်ယူနေတာကတော့ Sunflower Art Gallery က မဖြူအိသိန်း ပါ။အမကတော့ ဒီမှာ အကြံပေးပေါ့နော်။ အခု အမ She Creates ကို အနောက်နိုင်ငံတစ်ခုမှာ ခွဲထွက်ဖို့ လုပ်နေတယ်။ဘာလို့လဲဆိုတော့ အခုအမတို့ မြန်မာနိုင်ငံမှာ အမတို့လက်မှုပညာကို ကိုင်တွယ်ခံစားဖို့အမတို့နိုင်ငံသားတွေကို အခြေအနေ မပေးဘူး။

မေး။ ​ ။ အခုလက်ရှိ အဖွဲ့ဝင်ကဘယ်လောက်ရှိသွားပြီလဲ?​

ဖြေ။​  ။​ခုလက်ရှိ အဖွဲ့ဝင်က ( ၈၁ ) ယောက် ရှိသွားပါပြီ။

မေး။ ။အဖွဲ့ဝင်တွေက ဘယ်နေရာကလူတွေပါလဲ။ပြီးတော့ ဘယ်လိုလုပ်ငန်းမျိုးက လူတွေပါလဲ?

ဖြေ။  ။များသောအားဖြင့်တော့ လက်မှုပစ္စည်း. Art လည်းပါတယ်၊ပြီးတော့ စက္ကူနဲ့အရုပ်လုပ်တာတွေ အများကြီးပဲ ပါတာပေါ့နော်။ Brand တွေလည်းရှိတာပေါ့။

မေး။  ။အမတို့ အနေနဲ့ ဒီ She Creates  မှာပေါ့နော် ကုန်ပစ္စည်းကို Over Price မဖြစ်ဖို့နဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေအချင်းချင်း ဘယ်လိုထိန်းကျောင်းလဲရှင့်။

ဖြေ။  ။အမတို့မှာက Quality ကို Control လုပ်တဲ့ အဖွဲ့တစ်ဖွဲ့ ရှိတယ်။ စျေးနူန်းကတော့ ဥပမာ Creator က သူ့ပစ္စည်းကို 3000 နဲ့ ရောင်းချင်တယ်ဆိုရင် အမတို့က 3000 နဲ့ပဲ ရောင်းပေးရတာ။ Creator တွေရဲ့သဘောပေါ့နော်။ အမတို့က ကြားကနေ စျေးဖြတ်တာမျိုးတော့ မရှိပါဘူး။ ဒါကြောင့်မလို့ တစ်ခြား Handling Crush ဆိုင်တွေနဲ့ ယှဥ်ရင် အမတို့က စျေးသက်သာနေရတာပါ။

wai wai Kyaw

မေး။  ။ အမ အနေနဲ့ အနယ်နယ်အရပ်ရပ်က Handmade တစ်ပိုင်တနိုင် လုပ်နေတဲ့ အမျိုးသမီးတွေကိုကော ဘယ်လိုရည်ရွယ်ထားလဲရှင့်။ အမျိုးသမီး အချင်းချင်း ဒီကနေတစ်ဆင့် နိုင်ငံခြားကို သူတို့ ကုန်ပစ္စည်းလေးတွေ ရောက်ချင်တဲ့သူတွေအတွက်ပေါ့နော် ဘယ်လိုရည်ရွယ်ထားလဲရှင့်။

ဖြေ။  ။ အမတို့ကလေ သူတို့ရဲ့ brand profile တွေကို အမြဲတမ်း labor အပ်တဲ့ စင်မှာချိတ်ထားတယ်။ Business Card လေးတွေကိုပေါ့။ ဒီ အမတို့နေရာကြတော့ စီးပွားနေရာ မဟုတ်ပဲနဲ့ Creator နဲ့ Buyer ကို ချိတ်ဆက်ပေးတဲ့ နေရာပေါ့နော်။ဒီပစ္စည်းကို ကြိုက်လို့ သူတို့တစ်ခုဝယ်သွားတယ်..ပြီးတော့ သူတို့ အခု (၁၀၀) မှာချင်တယ်ဆိုရင် Business Card လေးရှိတယ် ယူသွား။ သူတို့နဲ့ direct contact လုပ်ပြီးတော့ အပ်ကြပေါ့နော်။ပြီးတော့ အမတို့က 15 % ဖြတ်တယ်။ ဒီ 15 % က အခန်းခပေးရတယ်။ ပြီးတော့ ဝန်ထမ်းလခရယ် မီးဖိုး အင်တာနက်ဖိုးပေါ့နော်။

မေး။  ။အမတို့က အမျိုးသမီးတွေ ချည်းပဲ လုပ်တဲ့ လုပ်ငန်းဆိုတော့လေ အမအတွေ့အကြုံအရ အမျိုးသမီးတွေ စီးပွားရေးလုပ်ငန်း လုပ်တဲ့အခါမှာ ကြုံရတဲ့ အခက်အခဲက ဘာတွေဖြစ်မလဲရှင့်။

ဖြေ။  ။အမထင်တယ် သူတို့စီးပွားရေး လုပ်ငန်းလုပ်တဲ့အခါမှာ ကြုံရတဲ့အခက်အခဲကတော့ "investment "ပေါ့နော်။ ငွေကြေး မလုံလောက်တာပေါ့နော်။ ဒီမှာ သူတို့အထည် ၅၀ လာထားလို့ အထည် ၅၀က ကုန်ချင်မှကုန်တာလေ။အဲ့တော့ မကုန်ရင် နောက်လတွေအတွက် အခက်ခဲ ဖြစ်ကုန်တာပေါ့။အမကတော့ အဲ့လိုပဲထင်တယ်။

မေး။  ။ ဒီအချိန်မှာ အမျိုသမီးတွေအတွက် ကြုံရတဲ့ အဓိက စိန်ခေါ်မှုနဲ့ အခက်အခဲတွေဆိုရင် ဘာဖြစ်မလဲ။နိုင်ငံရေးမတည်ငြိမ်မှု စီးပွားရေးမတည်ငြိမ်မှုနဲ့ ပတ်သတ်ပြီးတော့ပေါ့နော်။

ဖြေ။   ။ ခုနပြောသလိုပဲ ငွေရေးကြေးရေးပေါ့နော်။ပြီးတော့ စိတ်ဂယောင်ခြောက်ခြားလည်း ဖြစ်တာပေါ့..ဒီကာလမှာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်တာလည်း ပါတာပေါ့။အခက်အခဲကတော့ ရှိကြတာပေါ့နော်။ အမတို့ ဒီမှာကတော့ အချင်းချင်းဝိုင်းဝန်းကူညီပေးကြပါတယ်။

မေး။  ။အမျိုးသမီးတွေ အနေနဲ့ တစ်ယောက်ချင်း စီးပွားရေးလုပ်တာထက် ဒီလို အသင်းအဖွဲ့တွေနဲ့ ပေါင်းပြီး Creator လုပ်တာနဲ့ အဲ့နှစ်ခု ကြားထဲမှာ ကွာခြားချက်က ဘာတွေ ဖြစ်မလဲရှင့်။

ဖြေ။  ။အသင်းအဖွဲ့နဲ့လုပ်တာက​အတူတူအလုပ်လုပ်နေရတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်   အတွေး အခေါ်တွေဖလှယ်မယ် တစ်ယောက်နဲ့တစ်ယောက်  မတူတဲ့ idea တွေကို အတူတူ လုပ်နေတယ်ဆိုတော့ အမကတော့ ဒီလိုအတူတူပူးပေါင်းပြီးလုပ်တာ ပိုကောင်းတယ်လို့ ထင်တာပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် အမြင်တော့ ဘယ်တူမလဲ။ အများရဲ့ ပါဝါက အရမ်းကြီးတယ်ပေါ့နော်။

မေး။  ။တကယ်လို့ She Creates ကို အနယ်နယ် အရပ်ရပ် အမျိုးသမီးတွေက member ဝင်ချင်တယ် ဒီကနေပစ္စည်း​တွေ တင်ရောင်းချင်တယ်ဆိုရင် ဘယ်လို ဆက်သွယ်ပြီး ဝင်လို့ရတာလဲရှင့်။

ဖြေ။  ။member တင်လို့ရတယ်။ Showroom ကို ဖုန်းဆက်ပြီးတော့ ဖောင်ဖြည့်..ဖောင်ဖြည့်ပြီးရင် သူတို့ ဘာတင်ချင်တာလဲဆိုတာကို sample ကို ပို့ပြီးတော့မှ အမတို့ဆီမှာ ဒီနမူနာ(sample) တွေကို စစ်တဲ့အဖွဲ့ရှိတယ်။အဲ့အဖွဲ့က စစ်ပြီးရင် သူတို့ဆီကို အကြောင်းပြန်တယ်ပေါ့နော်။တစ်နှစ်ကို နှစ်သောင်းခွဲထင်တယ်။ပြီးတော့ သူတို့ပစ္စည်းကို တင်ပြီး ရောင်းပေးတယ်ပေါ့နော်။

မေး။  ။အမအနေနဲ့ ဒီလို အချိန်မှာ အမျိုးသမီးတွေအတွက် အားပေးစကား အကြံပြုစကားလေးတွေ ရှိရင် ပြောပေးပါဦးရှင့်။

ဖြေ။  ။အခုချိန်ကလေ တစ်ဦးတစ်ယောက်ထဲ လုပ်တာထက် အဖွဲ့အစည်းတွေမှာ ဝင် join ပြီးတော့မှ ဒီအဖွဲ့အစည်းတွေ လုပ်နေတာကို လေ့လာပြီးတော့ ပူးပေါင်းပါဝင်ပြီးတော့ စိတ်ခွန်အား ယူပြီးတော့ လုပ်ရင်ပိုကောင်းတယ်လို့ အကြံဉာဏ်ပေးချင်တယ်။ ကိုယ်ကျွမ်းကျင်တဲ့ဟာ ကိုယ်ရဲ့အားသာချက်ကို ကြိုးစားပြီးလုပ်ဖို့ပေါ့နော်။ အမျိုးသမီးတွေကော လူငယ်တွေကော အသက်မွေးဝမ်းကြောင်း အတတ်ပညာ တစ်ခုခု ရှိနေရင် ဘဝတစ်ခုလုံးအတွက် confidence ရှိနေမှာပါ။

ကျေးဇူးပါ။

wai wai Kyaw 2