DE

Women to Women
မိခင်တစ်ဦးဖြစ်သလို စီးပွားရေးဘက်မှာလည်း မျှတအောင်လုပ်ဆောင်နေတဲ့ mommy blogger တစ်ဦးဖြစ်သူ မမြဘုန်းဆင့်နှင့်တွေ့ဆုံခြင်း

mbs

ယနေ့ခေတ်မှာ အမျိုးသမီးတွေကို မိခင်တစ်ဦးအဖြစ် တာဝန်ကျေပွန်လာကြသလို တစ်ဖက်မှာလည်း စီးပွားရေးမှာ ထူးချွန်လာကြတဲ့သူများအဖြစ် တွေ့လာရပါတယ်။ စီးပွားရေးနဲ့ မိသားစုအကြား ညီမျှအောင်လုပ်ဆောင်နေကြသူ မိခင်များစွာထဲကမှ Growth Session Myanmar - Maternal Care & Support ကို တည်ထောင်ထားသူလည်းဖြစ်၊ mommy blogger တစ်ဦးလည်းဖြစ်သူ မမြဘုန်းဆင့်ကို ယခုတစ်ပတ်ရဲ့ women to women အစီအစဥ်မှာ မေးမြန်းတင်ဆက်ထားပါတယ်။

ပထမဆုံးအနေနဲ့ အမအကြောင်း မိတ်ဆက်ပေးပါဦး။

ဟုတ်ကဲ့။ အမကတော့ မမြဘုန်းဆင့်ပါ။ အမကတော့ မိခင်တွေကလေးတွေအတွက် social media မှာ ဗဟုသုတတွေနဲ့ အတွေ့အကြုံတွေမျှဝေပေးပါတယ်။ ကိုယ်တိုင်က မိခင်ဘဝကို ချစ်မြတ်နိုးပြီးဂုဏ်ယူတဲ့အတွက် community က မိခင်တွေကိုပါ ဘက်ပေါင်းစုံက တိုးတက်လာအောင် ပံ့ပိုးမှုတွေလုပ်ပေးဖို့ Growth Session Myanmar - Maternal Care & Support ကိုလည်း တည်ထောင်ထားပြီးဦးစီးလုပ်ကိုင်နေပါတယ်။ 

အမရဲ့အကြောင်းလေးကို ပြောပြရရင်တော့ အမက မိခင်တစ်ယောက်မဖြစ်ခင်က စီးပွားရေးပဲလုပ်တတ်ခဲ့ပါတယ်။ ကိုယ်တိုင်က စီးပွားရေးနဲ့ပတ်သက်တဲ့ နောက်ခံဗဟုသုတပဲရှိခဲ့တယ်။ PhD အတွက်စာတမ်းရေးနေတဲ့အချိန်မှာပဲ အိမ်ထောင်ကျပြီး မိခင်တစ်ယောက်ဖြစ်ခဲ့တယ်ပေါ့။ အဲ့ဒီအချိန်မှာကလေးနဲ့ပတ်သက်ပြီး ဘာမှမသိပဲ အကုန်အစကနေလေ့လာခဲ့ရတယ်။ သားလေးမွေးပြီးတဲ့အချိန်မှာ အိမ်ထဲမှာပဲကလေးထိန်းရင်း နေခဲ့ရတယ်။ ဒီကာလမှာအစစအရာရာ အားလုံးက အသစ်ဖြစ်နေခဲ့တော့ စိတ်ဓာတ်တွေလည်းကျတယ်။ ကိုယ့်ရဲ့ ပြောင်းလဲသွားတဲ့ lifestyle ကလည်း အရင်လိုမဟုတ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့ဘူး ငါအသုံးမကျတော့ဘူး ဘဝမှာတက်လမ်းတွေမရှိတော့ဘူးလို့ခံစားခဲ့ရတဲ့အချိန်တွေ ရင်ဆိုင်ခဲ့ရတယ်။ ကလေးမွေးပြီးတဲ့အချိန် ကိုယ်ရဲ့အစစ်အမှန်က ဘယ်သူလဲဆိုတဲ့ ဖြစ်တည်မှုပျောက်ဆုံးသွားတဲ့ကာလတွေပေါ့။ 

ဒီအကြောင်းတွေကို ရင်ဖွင့်ဖို့ ကြိုးစားကြည့်ခဲ့ပေမဲ့ ကိုယ့်အပေါ်  သိပ်ပြီး နားလည်ပေးနိုင်တဲ့သူမရှိခဲ့ဘူး။ ဒီလိုပဲအမေတွေကြုံလာခဲ့ရတာပဲ ကိုယ့်အလှည့်ကျမှ အများကြီးပိုခံစားနေတယ်ဆိုတဲ့ စကားတွေပဲရလို့ ပိုပြီး guilty ဖြစ်ခဲ့တယ်။ အဲ့ဒီကနေ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးဖို့ ၂၀၁၉ ခုနှစ်မှာ Mya Phone Sint ဆိုတဲ့ Blog လေးအဖြစ်နဲ့  ကိုယ့်အတွက်ကိုယ် စာလေးတွေ ချရေးကြည့်ဖြစ်ခဲ့တယ်။ 

အဲ့ဒီကနေ အံ့ဩသွားတာ ကိုယ့်လိုဘဝတူမိခင်တွေ ပတ်ဝန်းကျင်မှာ အများကြီးပဲဆိုတာသိလိုက်ရတယ်။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး သူတို့လည်းအတူတူပါပဲဆိုတဲ့စိတ်က မိခင်ဘဝမှာအချင်းချင်း အင်အားတွေပေးလိုက်သလိုပါပဲ။ ဒီကနေစပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ မိဘတွေနဲ့ကလေးငယ်လေးတွေအတွက် အမရဲ့အတွေ့အကြုံတွေ tips လေးတွေနဲ့ စိတ်ဓာတ်ခွန်အားပေးတဲ့ စာတွေ vlog တွေ မျှဝေပေးဖြစ်ခဲ့တာပါ။ 

စာရေးတာကြာလာတော့ အမနဲ့ ရင်ဘတ်ချင်းတူပြီး ခွန်အားတွေမျှဝေပေးနိုင်တဲ့ ဖေဖေမေမေတွေနဲ့စကားတွေပြောဖြစ်ခဲ့တော့ မိဘတွေ အထူးသဖြင့် မိခင်အမျိုးသမီးတွေ လိုအပ်နေတဲ့အရာတွေကို ပိုနားလည်လာတယ်။ အမတို့အားလုံးမှာ လိုအပ်နေတာက မိဘဖြစ်တဲ့ ခရီးမှာ အချင်းချင်း ကူညီပံ့ပိုးကြတဲ့ community လေးတစ်ခုရယ် လိုအပ်တဲ့ အသိပညာဗဟုသုတတွေကို နည်းမှန်လမ်းမှန်နဲ့လေ့လာနိုင်ဖို့ resources တွေပါပဲ။ 

ဒါကြောင့် အမ Growth Session Myanmar - Maternal Care & Support ဆိုတဲ့ လုပ်ငန်းလေးကို၂၀၂၂ မှာ စပြီး တည်ထောင်ဖြစ်ခဲ့တယ်။ရည်ရွယ်ချက်လေးကတော့ ရိုးရှင်းပါတယ်။ မိဘတွေပေါ့နော် အထူးသဖြင့်ကတော့ မိခင်တွေရဲ့ ကိုယ်ဝန်ဆောင်စဉ်ကနေ မွေးဖွားပြီးအချိန်၊ ကလေးပြုစုပျိုးထောင်ချိန် ခရီးတစ်လျှောက်လုံးမှာ လိုအပ်တဲ့ ဗဟုသုတတွေ၊ resources တွေအပြင် စိတ်ဓာတ်ခွန်အားတွေ၊ ပံ့ပိုးမှုတွေနဲ့ အခွင့်အလမ်းတွေပေးနိုင်တဲ့ inclusive community လေးတစ်ခုဖန်တီးပေးဖို့ပါပဲ။ 

အမတို့ရဲ့ workshop တွေ program တွေက မိခင်တွေအတွက် လေ့လာစရာတွေဖန်တီးပေးပြီး သူတို့ကိုယ်သူတို့ ကလေးပြုစုတဲ့အခါ ယုံကြည်မှုပိုရှိလာတယ်။ အမရဲ့ ရည်မှန်းချက်ကတော့ ဒီထက်ပိုပြီးမြန်မာနိုင်ငံအနှံ့မှာရှိတဲ့ မိခင်တွေရဲ့ တစ်ကိုယ်ရည်နဲ့ အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အလမ်းတွေ ဆက်ဖန်တီးဖို့ လုပ်သွားမှာပါ။

 

မေး။ ။ အမအနေနဲ့ အမျိုးသမီးတစ်ယောက်အတွက် မိသားစုဘဝနဲ့ အလုပ်အကိုင်ကြားမှာ ဘယ်လိုညီမျှအောင်ဟန်ချက်ညှိလဲ?

ဖြေ။ ။ အမရဲ့ personally အမြင်အရတော့ မိခင်ဘဝမှာ ဘယ်အရာမှ perfect ဖြစ်ပြီး ပြည့်စုံနေတာမရှိတော့ ဟန်ချက်မညီတာလည်း ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ အမကိုယ်တိုင်လည်း တစ်ခုကို အာရုံစိုက်ထားလိုက်ရင် တစ်ခြားတစ်ဖက်မှာ နည်းနည်းတော့ လစ်ဟာသွားတာမျိုးရှိတယ်။ ကိုယ်က အိမ်အလုပ်လည်း ပြီးအောင်လုပ်ချင်၊ ဟင်းချက်လည်းတော်ချင်၊ ကလေးကိုလည်း အချိန်တွေအမြဲပေးချင်၊စီးပွားရေးလည်း ထောင့်စေ့အောင်တော်ချင်နေလို့တော့ မရဘူးပေါ့။ 

အမကတော့ အဓိက ကိုယ့်ရဲ့ စိတ်နေသဘောထားလေးတစ်ခုလို့ထင်တယ်။ Balance ဆိုတာထက်ကိုယ့်ရဲ့ lifestyle အတွက် အကောင်းဆုံးလုပ်ပေးနိုင်တာကို စဉ်းစားဖြစ်တယ်။ အမရဲ့ အရာရာကိုperfect ဖြစ်ချင်တဲ့စိတ်နဲ့ ကလေးအတွက် လစ်ဟင်းသွားမိရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်တဲ့စိတ်ကို အရင်ဆုံးပြင်ရတယ်။ အမက အိမ်မှာပဲအလုပ်လုပ်တာများတော့ သားလေးနဲ့မွေးကတည်းကတော့ အတူတူရှိခဲ့ရတယ်။ တစ်ခါတလေ အတူတူရှိရင်း အလုပ်ကိုအာရုံစိုက်မိရင် သူနဲ့ဝေးလာသလိုခံစားရတာမျိုးလည်းရှိတယ်။ 

အကောင်းဆုံး ဘယ်လိုစိတ်ထားဖြစ်လဲဆိုရင် ကလေးအတွက်အချိန်တွေပေးဖြစ်တဲ့ ရက်တွေမှာ မပြီးတဲ့အလုပ်တွေအကြောင်းမစဉ်းစားဖြစ်တော့ဘူး။ မိသားစုနဲ့ရလိုက်တဲ့ quality time လေးကိုတန်ဖိုးထားလိုက်တယ်။ အလုပ်ကို အာရုံစိုက်မိတဲ့ရက်တွေဆိုရင်လည်း ကိုယ့်ရဲ့ personal development အတွက် အောင်မြင်မှုတစ်ခုလို့ စိတ်ထားလိုက်တယ်။ 

mbs 2

မေး။ ။ မိသားစုနဲ့ အတူ အလုပ်လုပ်ရတဲ့အခါ work life balance အတွက် အဓိက စိန်ခေါ်မှုကိုပြောပါဆိုဘာဖြစ်မလဲ?

ဖြေ။ ။ အမတို့ အမျိုးသမီးတွေက သူ့ရဲ့သဘာဝကိုယ်တိုင်မှာ သူများကို ဂရုစိုက်ချင်တယ်။ အမေဖြစ်လာတော့လည်း မိသားစုကို ပြုစုစောင့်ရှောက်ချင်တယ်၊ တာဝန်တွေအကုန်လုံးကို ကိုယ့်တာဝန်လို သိမ်းကြုံးပြီး လုပ်ပေးချင်ကြတယ်။ အဲ့လို အလုပ်ရော၊ မိသားစု​ရောရဲ့ responsibilities တွေကကိုယ်သယ်ထားရတာကြာလာတော့ ကိုယ့်အတွက် အချိန်ဆိုတာမရှိတော့ဘူး။ 

အဲ့ဒါရဲ့ နောက်ဆက်တွဲကဘာဖြစ်လာလဲဆိုတော့ ကြာလာတဲ့အချိန်မှာ စိတ်ရောလူရော ပင်ပန်းပြီးburnout ဖြစ်လာတာပဲ။ အမလည်း burnout ဖြစ်တဲ့အဆင့်ထိရောက်သွားပြီဆိုရင် မိသားစု​​ရောအလုပ်အပေါ်မှာရော အာရုံမစိုက်နိုင်တော့ဘူး။ ဒီအခက်အခဲတွေကိုရင်ဆိုင်နိုင်ဖို့ဆိုရင် self care ဆိုတဲ့ ကိုယ့်အတွက်ကိုယ် အချိန်ပေးပြီး ဂရုစိုက်ဖို့လည်း မမေ့အောင်နေရတယ်။ အမတို့လို မိခင်တွေအတွက်ကျတော့ ကိုယ့်အတွက်ကိုယ် ပထမဦးစားပေးစဉ်းစားမိရင် selfish များဖြစ်သွားပြီလားဆိုတဲ့ အတွေးနဲ့ guilty ဖြစ်တတ်ကြတယ်။ 

အမအနေနဲ့ကတော့ အမျိုးသမီးတွေ မိခင်တွေက ကိုယ့်မိသားစုကို ဂရုစိုက်နိုင်ဖို့၊ ကိုယ်လုပ်ချင်တဲ့အလုပ်တွေ ပိုလုပ်နိုင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း ချစ်ဖို့၊ ဂရုစိုက်ဖို့ အရေးကြီးတယ်လို့မြင်ပါတယ်။ 

 

mbs

မေး။​ ။​ကိုယ့်လုပ်ငန်းအတွက် ဘယ်လို အချိန်စိမံခန့်ခွဲမှုလုပ်လဲ?

ဖြေ။ ။ Time management ဆိုတာလည်း အမအတွက်အရေးကြီးတဲ့အထဲမှာ ပါပါတယ်။ ကလေးတစ်ဖက် အလုပ်တစ်ဖက်ဆိုတော့ တစ်ရက် ၂၄ နာရီက အမေတွေအတွက် မလောက်ကြဘူး။ အရင်ကဆို ဒီနေ့တစ်နေကုန် အကျိုးရှိရှိနဲ့ အလုပ်တွေအကုန်လုပ်ပြီး productive ဖြစ်တော့မယ်လို့တွေးလိုက်တယ်။ ဒါပေမဲ့ တစ်နေ့ပြီးသွားတဲ့အချိန်မှာ ကိုယ်လုပ်မယ်လို့စဉ်းစားထားတာရဲ့ ၁၀ခုမှာ ၁ခုလောက်ပဲပြီးလိုက်ရတယ်။ ညအိပ်ခါနီးမှာ ကိုယ်ဘာမှမလုပ်နိုင်ဘူး ဘာမှမပြီးမြောက်ဘူးဆိုတဲ့အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပိုပြီး pressure တွေပေးမိတယ်။ 

နောက်တော့ အမ Wedu ဆိုတဲ့ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို လေ့ကျင့်မြှင့်တင်ပေးတဲ့ training ကနေ လေ့လာခဲ့ရာကနေ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ clear goal ကိုတိတိကျကျ ပိုသိလာတယ်။ Goals တွေကိုလည်း ကိုယ့်ရဲ့ personal နဲ့ professional အတွက်ဆိုပြီးခွဲထားလိုက်တယ်။ကိုယ့်ရဲ့ short term/ long term goals တွေကို သိပြီဆိုရင် ပိုပြီး အချိန်တွေကို စီမံခန့်ခွဲဖို့လွယ်လာတယ်။ အရေးကြီးတာတစ်ခုခုလုပ်ဖို့ရှိလာရင် အဲ့တာကိုထိပ်ဆုံးမှာထားပြီး အရင်ပြီးအောင်လုပ်ကြည့်တယ်။ အမတို့ မိခင်တွေက multitasking အလွန်ကောင်းကြတယ်။ ဒါပေမဲ့အမကmultitasking ကို အရေးကြီးတဲ့အလုပ်လုပ်နေတဲ့အချိန်မှာ ပိုပြီး focus ထားနိုင်အောင် မလုပ်ဖို့ကြိုးစားတယ်။ 

ညအိပ်ခါနီးပြီဆိုရင် နောက်ရက်အတွက် ကိုယ်လုပ်ရမဲ့အလုပ်တွေ အကုန်ချရေးတာထက် ကိုယ်တစ်ကယ်ပြီးနိုင်တဲ့ realistic tasks တွေကို calendar ထဲကို တစ်ခါတည်းထည့်ထားလိုက်တယ်။ နေ့တစ်နေ့ကုန်ပြီဆိုရင် ကိုယ်မပြီးတဲ့အရာတွေထက် ပြီးမြောက်ခဲ့တဲ့အရာတွေကိုပဲ ပြန်စဉ်းစားကြည့်ပြီးကိုယ့်ကိုယ်ကိုယ် ချီးကျူးပေးတယ်။ 

 

mbs 3

မေး။​ ။ Work – life balance ရဖို့အထိရောက်ဆုံး နည်းလမ်းကိုပြောပါဆိုရင်ဘာဖြစ်မလဲ?

ဖြေ။ ။​အမခုနကပြောခဲ့သလိုပဲ ဘဝမှာ အလုပ်နဲ့မိသားစုက ချောချောမွေ့မွေ့နဲ့ balance ဖြစ်နိုင်မှာမဟုတ်ဘူး။ အမအတွက် အထိရောက်ဆုံးနည်းလမ်းကတော့ ကိုယ်နဲ့ဘဝတူ ရင်ဘတ်ချင်းနီးပြီးတိုင်ပင်လို့ရတဲ့ မိခင်သူငယ်ချင်းတွေနဲ့ စကားတွေပြော အချိန်တွေကုန်ဆုံးလိုက်ရင် တစ်ခြားအလုပ်တွေပိုလုပ်ဖို့ energy တွေရလာတယ်။ အမတို့တစ်ယောက်တည်းရှိနေရင် သိပ်ပင်ပန်းလာတဲ့အခါထင်တတ်ကြတာက "ဪငါ့ကျမှ ဖြစ်နေပါလား" ဆိုတဲ့အတွေးပေါ့။ ဒါပေမဲ့ မိခင်တွေအတူတူ ဆုံကြတဲ့ နွေးထွေးတဲ့ community လေးထဲကိုရောက်သွားရင် ကိုယ့်လိုဘဝတူမိခင်တွေရဲ့ နောက်ကွယ်က stories လေးတွေကိုနားထောင်ပြီး ခွန်အားတွေရတယ်၊ အချင်းချင်းလည်း ဖေးမကူညီကြတော့ကိုယ်တိုင်လည်း အလုပ်နဲ့မိသားစုကြားမှာ ပိုပြီးပျော်အောင်နေတတ်လာတယ်။ ဒီလိုပဲ ကိုယ့်ရဲ့မိသားစုဝင်တွေက နားလည်ပေးတဲ့အချိန်တွေ ကိုယ့်ပြဿနာတွေကိုနားထောင်ပြီး အားပေးတဲ့အချိန်တွေဆိုရင် အားတွေပြန်ရှိလာတယ်။ အဲ့တာကြောင့် အမအတွက်ကတော့ ကိုယ့်ကိုယ် ပံ့ပိုးပေးတဲ့supportive network ဆိုတာ စိတ်ခွန်အားတွေရပြီး ဟန်ချက်ညီအောင် ထိန်းနိုင်ဖို့အတွက် အထိရောက်ဆုံးပါပဲ။ 

 

mbs 4

မေး။​ ။​Time management နဲ့ productivity တက်ဖို့ ဘာတွေကအရေးကြီးလဲ? ဘာလုပ်သင့်လဲ?

ဖြေ။​ ။​Time management နဲ့ productivity အတွက်က ခုနကပြောသွားတာတွေအပြင် အမအတွက်အရေးကြီးတာက ကိုယ့်စိတ်ကိုယ် ကိုယ့်အပေါ်မှာပဲ အာရုံစိုက်ဖို့ပါပဲ။ အမတို့အခုလို social media ခေတ်မှာ ဖုန်းခနလေးသုံးလိုက်မိတာနဲ့ သူများရဲ့ ပြီးပြည့်စုံတဲ့ဘဝနေထိုင်မှုပုံစံတွေ အောင်မြင်တာတွေမြင်ပြီး ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်မိတာပါပဲ။ ဒီကနေ ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းမကျတော့ မလိုအပ်တဲ့ stress တွေဝင်လာတယ်။ သူများတွေကိုပဲ လိုက်ယှဉ်ကြည့်မိနေတာများလာတော့ ကိုယ့်ရဲ့အချိန်တွေနဲ့ productivity တွေပါ ပျောက်ဆုံးလာတယ်။ 

လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် သွားနေတဲ့ အရှိန်ချင်းမတူသလို ပန်းတိုင်ချင်းလည်းမတူတာကို အမြဲသတိထားသင့်တယ်။ ကိုယ့်ရဲ့ အောင်မြင်မှုနဲ့ productivity ကို ကိုယ့်စံနှုန်း၊ ကိုယ့်ပေတံနဲ့ပဲတိုင်းတာပါ။ သူများရဲ့ အောင်မြင်မှုတွေ အလုပ်တွေပြီးမြောက်တာတွေကို ကိုယ်နဲ့လိုက်နှိုင်းနေမဲ့အစား သူတို့ဆီက လေ့လာပြီး inspiration ယူဖို့ကပိုအရေးကြီးတယ်လို့မြင်ပါတယ်။ 

နောက်တစ်ခုကတော့ consistency က အမအတွက် အရေးကြီးပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်၊ကိုယ်လျှောက်နေတဲ့လမ်းမှာ productivity တွေ အများကြီးပြနေမှမဟုတ်ဘူး၊ ကိုယ့်အရှိန်လေးနဲ့ကိုယ် မှန်မှန်လေး routine နဲ့ လုပ်စရာရှိတာ လုပ်သွားမယ်ဆိုရင် တိုးတက်မှုသေးသေးလေးတွေကတစ်ချိန်မှာ အကောင်အထည်ပေါ်လာမှာပါ။ 

 

mbs 9

မေး။​ ။ အမျိုးသမီးတစ်ယောက်အထူးသဖြင့် မိခင်တစ်ယောက်အတွက် အလုပ်လုပ်ခြင်းကဘယ်လောက်အရေးကြီးလဲ?

ဖြေ။။ ။မိခင်တစ်ယောက်က အလုပ်လုပ်ဖို့ပဲရွေးချယ်တာဖြစ်ဖြစ် အိမ်မှာ ကလေးပြုစုဖို့ပဲရွေးချယ်တာဖြစ်ဖြစ် (၂) မျိုးစလုံးက သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လပ်စွာရွေးချယ်မှုပါပဲ။ ဒါပေမဲ့အခုခေတ်မှာ မိခင်တွေကလည်း မိသားစုအတွက် ဝင်ငွေရအောင် တစ်ဖက်ကနေ ကြိုးစားလာကြတာကိုတွေ့ရတာ မိခင်တစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။ အမကိုယ်တိုင်က ကလေးမွေးပြီး ဝင်ငွေမရှိတော့တဲ့ အချိန်တွေမှာ စိတ်ဓာတ်ကျပြီး အသုံးမကျတော့တဲ့ ခံစားချက်တွေဖြစ်ခဲ့ဖူးတယ်။ အမကတော့ မိသားစုအတွက် ဝင်ငွေကူရှာဖို့ဆိုတာထက် ကိုယ့်ရဲ့ self confidence အတွက် အလုပ်တွေပြန်လုပ်ဖြစ်ခဲ့တာဆို ပိုမှန်မယ်။ ကိုယ့်လုပ်အားနဲ့ income လေးတစ်ခု နည်းတယ် များတယ်မရှိဘူးဝင်လာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေပြန်ရလာတယ်။ 

ယုံကြည်မှုတွေရှိလာတော့ ကိုယ့် life မှာလည်း ပျော်ရွှင်လာတယ် မိသားစုကိုလည်း ပိုဂရုစိုက်နိုင်လာတာပေါ့နော်။ 

နောက်တစ်ခု အမခံယူထားတာက အလုပ်လုပ်တယ်ဆိုတာ ဘဝမှာ အဆက်မပြတ်ကြိုးစားနေတာပဲ။အမတို့ကြိုးစားနေတယ်ဆိုတာကို role model တစ်ယောက်လို အနီးကပ်စောင့်ကြည့်လေ့လာနေတာက အမတို့သားသမီးလေးတွေပါ။ ဒါကြောင့်မို့ အမရဲ့သားလေးအတွက် အတုယူရတဲ့ သူ့မိခင်ကဘဝမှာအမြဲကြိုးစားနေတယ်ဆိုတာ ပြချင်တယ်။ အလုပ်လုပ်တဲ့အခါ အမြဲအောင်မြင်တာပဲမဟုတ်ဘူး အမှားတွေ ရှုံးနိမ့်တဲ့အခါတွေလည်းရှိတယ်။ ဒါပေမဲ့ ဒီအမှားတွေထဲကနေ နောက်တစ်ခါပိုကောင်းအောင် ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ ဘဝသင်ခန်းစာတွေကို အမသားလေးကို လက်တွေ့မြင်စေချင်လို့ အမအတွက် အလုပ်ကြိုးစားဖို့က အရေးကြီးပါတယ်။ 

mbs 6

မေး။​  ။​Mentor ရှိလား? အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ရဲ့ ဘဝမှာ mentor ရှိဖို့ အရေးပါလား?

ဖြေ။ ။ အမဘဝမှာ တစ်ခါတလေ လမ်းပျောက်တဲ့အချိန်တွေအများကြီးကြုံရတယ်။ Mentor ကအမကို ပေးနိုင်တဲ့ အကောင်းဆုံးအချက်က empowerment ပေါ့။ အမတို့အမျိုးသမီးတွေမှာ ကြုံရလေ့ရှိတာတွေက လုပ်ငန်းတစ်ခုစလုပ်ပြီဆိုရင် စိန်ခေါ်မှုတွေအများကြီး ကြုံတတ်တယ်။ အဲ့ဒီ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဘာတွေပြင်ဆင်သင့်လဲ ဆိုတာမျိုးက  ကိုယ်ရခဲ့တဲ့ဘွဲ့တွေ ဖတ်ခဲ့တဲ့စာအုပ်တွေထဲမှာ မရှိဘူး။ တစ်ကယ့်လက်တွေ့ဘဝ အတွေ့အကြုံတွေ၊ အခက်အခဲတွေ ကျရှုံးမှုတွေကို ပြောပြလမ်းညွှန်ပေးနိုင်တာက mentor တွေပဲ။ အမ mentor ပြောပြဖူးတဲ့ mentor ဆိုတာ ပြေးလမ်းကြောင်းပေါ်မှာ ပြေးပြီးသားအတွေ့အကြုံရှိတဲ့ သူက ကိုယ်ပြေးဖို့စနေတဲ့အချိန် လမ်းမှာ သူကြုံခဲ့ရတဲ့ လမ်းကြောင်းအနေအထားတွေနဲ့ အတားအဆီးတွေကို ကြိုပြောပြပေးနေတဲ့သူတစ်ယောက်လိုပဲ။ ကိုယ့်ရဲ့ပြေးလမ်းအတွက် ကြိုတင်ပြီး strategy ဆွဲနိုင်သလို မြန်မြန်နဲ့ အမှားနည်းနည်းဖြစ်အောင် လမ်းပြပေးနိုင်တာကြောင့် အမကတော့ အမျိုးသမီးတွေမှာ mentor ရှိသင့်တယ်လို့မြင်တယ်။ 

လုပ်ငန်းလုပ်နေတဲ့သူမှမဟုတ်ဘူး ကိုယ့်ရဲ့ personal life မှာလည်း ယုံကြည်မှုတွေမရှိ လမ်းပျောက်နေတယ်ခံစားရရင် ဘဝအတွက် mentor တစ်ယောက်ရှိထားသင့်တယ်။ အမအတွက်ကံကောင်းတာက ကိုယ်လေးစားအားကျရတဲ့ အမျိုးသမီးတွေက ကိုယ့်ရဲ့ mentor ဖြစ်နေတာပါပဲ။ သူတို့ဆီကအနီးကပ်လေ့လာရလေလေ ပို inspire ဖြစ်လာပြီး သူတို့လိုတိုးတက်အောင်မြင်ချင်တဲ့စိတ်တွေနဲ့motivate ဖြစ်လာတယ်။ ကိုယ်လုပ်နိုင်တယ်ဆိုတာလည်း အမြဲယုံကြည်မှုတွေရှိအောင်လည်းခွန်အားတွေပေးနိုင်တယ်။ 

မေး။  ။​Learning နဲ့ပတ်သက်ပြီး ဘယ်လိုတွေလေ့လာလဲ?

ဖြေ။  ။အမျိုးသမီးတွေ အိမ်ထောင်ကျသွားတယ် မိခင်ဖြစ်သွားတယ်ဆိုရင် ကိုယ့်ရဲ့ဘဝကို မိသားစုအတွက်ပဲ နစ်မြုပ်လိုက်ကြတယ်။ ကိုယ့်သားသမီးလေးတွေကိုသာ ခေတ်နဲ့အညီ လေ့လာစရာတွေကိုယ့်တုန်းကမရခဲ့တဲ့ အခွင့်အရေးတွေပေးချင်ပေမဲ့ ကိုယ့်အတွက်ကျတော့ မလိုတော့ပါဘူးလို့ထင်တတ်ကြတယ်။ အမအမြင်အရတော့ လူတိုင်းက အသက်အရွယ်ဘယ်လောက်ဖြစ်နေပါစေ စဉ်ဆက်မပြတ် လေ့လာဖို့အရေးကြီးတယ်။ မိခင်တစ်ယောက်ဖြစ်သွားပေမဲ့လည်း ကိုယ့်အိပ်မက်တွေကဘာလဲ? ကိုယ်စိတ်ဝင်စားပြီး ဘဝမှာလေ့လာချင်တဲ့အရာတွေကဘာလဲ? ဆိုတာ သိဖို့လိုတယ်။ အမကလေးမွေးပြီးတဲ့အချိန်မှာ ကလေးကိုအနီးကပ်ပြုစုရတဲ့ ကာလတွေရှိခဲ့တော့ ကိုယ်လေ့လာချင်တာတွေကို သေချာမလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ပါဝင်စားတဲ့အရာတွေကို တိတိကျကျသိအောင်လုပ်တယ် ပြီးရင် ကိုယ့်အတွက် အခွင့်အလမ်းတွေရှာထားတယ်။ ကိုယ်အမြဲလေ့လာနေမှ တိုးတက်နေမှ ကိုယ့်သားသမီးလေးတွေနဲ့ နောက်လာမယ့် generation တွေအတွက် ပိုကောင်းအောင် လမ်းပြပေးနိုင်မယ်လို့ထင်ပါတယ်။ 

ပြီးတော့ အခုခေတ်မှာ မိခင်တွေလည်း အိမ်မှာပဲ သားသမီးကို ရင်အုပ်မကွာစောင့်ရှောက်ရင်းလေ့လာလို့ရတဲ့ resources တွေလည်းအများကြီးရှိနေပါပြီ။ Coursera / Udemy လို website တွေကနေ အခမဲ့လေ့လာလို့ရတာတွေရှိတယ်။ အိမ်ကနေ တစ်ဖက်တလမ်းဝင်ငွေရချင်လို့ လက်မှုသင်တန်းလေးတွေ online ကလေ့လာမလား? စီးပွားရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေလေ့လာမလား? အစစအရာရာ digital ခေတ်မှာ လေ့လာဖို့မခက်တော့ပါဘူး။ 

အမကိုယ်တိုင်လည်း အခုဆိုရင် တစ်ခုခုမလေ့လာနေရင် မနေနိုင်တော့ဘူး။ ဒီရက်ပိုင်းလေးကတင်ပဲFNF နဲ့ Impact Hub ကလုပ်တဲ့ She Innovates Program လေးကို ပြီးထားပါတယ်။ Wedu ရဲ့  global network မှာ Rising Star တစ်ယောက်လည်းဖြစ်ထားပါတယ်။ နောက်ထပ်လည်း ကိုယ်တိုင်ဆက်လေ့လာနေမယ် ကိုယ့်လိုဘဝတူမိခင်တွေအတွက်လည်း လေ့လာဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးသွားချင်ပါတယ်။ 

mbs 8

မေး။  ။အမျိုးသမီးမိခင် လုပ်ငန်းရှင်တွေအတွက် အကြံပေးစကား?

ဖြေ။ ။အကြံပေးတယ်ဆိုတာထက် အတွေ့အကြုံလေးထဲက ပြောပြချင်တာက နံပါတ် (၁) အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ပါပဲ။ ကိုယ်လုပ်နိုင်တယ်ဆိုတာ ဘယ်သူမှဘေးကနေအတည်ပြုပေးတာမျိုးမပါတဲ့ စိတ်ထဲက နက်နက်ရှိုင်းရှိုင်းယုံကြည်ဖို့ပါ။ နံပါတ် (၂) ကတော့ ကိုယ်တစ်ကယ်စိတ်ဝင်စားတယ် ဆိုတာတွေကို ကိုယ့်ရဲ့ profession ဖြစ်အောင်လုပ်ပါ။ ကိုယ့်ရဲ့ passion ကနေ သက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်လာရင် အလုပ်လုပ်ရတာ အဓိပ္ပာယ်ရှိလာတယ်။ တော်ရုံအခက်အခဲဆိုလည်း စိတ်ဓာတ်မကျတော့ပဲ အဖြေရှာချင်လာတယ်။ နောက်တစ်ခုအရေးကြီးတဲ့နံပါတ် (၃) အချက်ကတော့ network ပါပဲ။ ကိုယ့်ရဲ့ဘေးနားမှာ အားကျအတုယူရတဲ့သူတွေ၊ ကိုယ့်ကိုsupportive ဖြစ်တဲ့သူတွေနဲ့ ရှိနေဖို့လိုပါတယ်။ နောက်ဆုံးအချက်ကတော့ ဘယ်တော့မှလေ့လာတာကိုမရပ်လိုက်ဖို့နဲ့ အခက်အခဲတွေ၊ အတွေ့အကြုံအသစ်တွေကြုံလာရင် အခြေအနေနဲ့အချိန်အခါတိုင်းမှာ လိုက်လျောညီထွေဖြစ်အောင်နေနိုင်ဖို့ပါပဲ။ 

အခုလို women to women program မှာ အမျိုးသမီးတွေနဲ့ မိခင်တွေကို ခွန်အားတွေပေးခွင့်၊အတွေ့အကြုံတွေပြောပြခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

bs 8